DVB Logo
Home
မြန်မာသတင်း
ဂျပန်သွားရမည်ဟုလိမ်လည်ပြီး စစ်သားအဖြစ် စုဆောင်းနေ
DVB
·
September 17, 2023
ဂျပန်သွားရမည်ဟုလိမ်လည်ပြီး စစ်သားအဖြစ် စုဆောင်းနေ
Donate to DVB

ဂျပန်နိုင်ငံမှာ အလုပ်လုပ်ရမယ်ဆိုပြီး စစ်မှုထမ်းဟောင်းတွေရဲ့ သားသမီးတွေကို လိမ်လည်ခေါ်ပြီး စစ်မှုထမ်းခိုင်းတဲ့ ကိစ္စနဲ့တ်သက်လို့ စုဆောင်ရေးတပ်တချို့ စစ်ဆေးခံနေရတယ်လို့ စစ်မှုထမ်းဟောင်းမိသားစုဝင်တွေဆီက သိရပါတယ်။

ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းမှာရှိတဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ မိသားစုဝင်တွေကို စုဆောင်းရေးတပ်တွေက အွန်လိုင်းပေါ်ကနေ စည်းရုံးလိမ်လည်ခေါ်ယူပြီး စစ်မှုထမ်းခိုင်းတာ ဖြစ်တယ်လို့ ပဲခူးမြို့မှာနေတဲ့ အငြိမ်းစားတပ်ကြပ်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်သားကို ဂျပန်မှာ အလုပ်သွားလုပ်ရမယ်ဆိုပြီး ဗိုလ်ကြီးတယောက်က ဆက်သွယ်ပြီးတော့ ခေါ်တယ်။ ဂျပန်သွားတာ လွယ်တာမှတ်လို့။ ချက်ချင်း သွားလို့လည်း ရတာမဟုတ်ဘူး။ သေချာစုံစမ်းကြည့်တော့ စစ်ထဲမှာ စစ်မှုထမ်းခိုင်းဖို့ မလိမ့်တပတ်နဲ့ ခေါ်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လိမ်လည်ခေါ်ယူပုံကတော့ ဂျပန်မှာအလုပ်လုပ်ရင် တလကို ၁၈ သိန်းရမှာဖြစ်ပြီး သွားရောက် လုပ်ကိုင်လိုသူ တယောက်ဟာ အသက် ၁၈ နှစ်ကနေ ၃၀ အတွင်း၊ ပညာ အရည်အချင်းကတော့ ၁၀ တန်းအထိ သတ်မှတ်ထားပြီး ၆ လ သင်တန်းတက်ပြီးရင် သွားရောက်ဖို့ကုန်ကျစရိတ်ကို အလုပ် လုပ်ကိုင်သူဘက်က ပေးဆောင်မှာဖြစ်တယ်လို့ စစ်သားစုဆောင်းရေးတပ်နဲ့ နီးစပ်သူ တယောက်က ဒီဗွီဘီကို ပြောပါတယ်။

"ကျနော်တို့က ရိုးရိုးသားသား စုဆောင်းစေချင်တာ။ အခုကိစ္စက တချိန်ချိန်မှာ ထပေါက်မဲ့ ချိန်ကိုက်ဗုံးလိုပဲ။ အချိန်တန်လို့ မသွားရရင် အဲကလေးတွေက စစ်ပြေးဖြစ်မှာ။  ရန်ကုန်နဲ့ပဲခူးက စုဆောင်းရေးတပ်တွေ အဲကိစ္စနဲ့စစ်ဆေးခံနေရတယ်” လို့ ရှင်းပြပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်ကစတင်ပြီး တပ်သားသစ်တယောက် ရအောင် စည်းရုံးနိုင်သူကို ကျပ်သိန်း ၃၀ အထိ ပြန်လည်ပေးအပ်မယ်လို့ တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးက အမိန့်ထုတ်ပြန်ခဲ့ပေမဲ့ ဝင်ရောက်မယ့်သူ မရှိလို့ အခုလို လုပ်တာဖြစ်နိုင်ပါတယ်။

ရန်ကုန်မှာရှိတဲ့ စစ်သားစုဆောင်းရေးတပ်ကနေ လူငယ်တွေကို ဂျပန်ပို့ပေးမယ်လို့ စည်းရုံးပြီး စစ်တပ်မှာ စစ်သင်တန်း ၆ လတက်ခိုင်းပြီးနောက် သင်တန်းဆင်းတဲ့ အခါမှာတော့ စစ်သားဖြစ်သွားပြီး ဂျပန်ကို မပို့ပေးတော့ဘူးလို့ အမှတ် ၁ စုဆောင်ရေးတပ်ကို ရောက်သွားသူတယောက်ရဲ့ဖခင်က ဒီဗွီဘီကို ပြောပါတယ်။

“တပ်က လိမ်တာ ပိရိတယ်လို့ ပြောရမှာပေါ့။ အိမ်က သားဆို စစ်တပ်မှာ ၈ လရှိပြီ။ အခုထိ နားမဝင်ဘူး ပြောရတာ။ ဂျပန်သွားဖို့ ကုန်ကျစရိတ် ၄၅ သိန်းရှိတယ်။ တပ်ထဲကနေ ပိုက်ဆံရှာလို့ ရတယ်ဆိုပြီး စစ်မှုထမ်းခိုင်းတာ။ ကျနော်ထင်တယ်။ အချိန်တန်လို့ အလိမ်ပေါ်သွားရင် ပြေးကြမှာ အဲကလေးတွေ” လို့ ပြောပါတယ်။

တပ်သားသစ်စုဆောင်ရေးကို ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဦးဆောင်ပြီး တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးကတော့ ဗိုလ်ချုပ်တောက်ထွန်း ဖြစ်တယ်လို့ သိရပါတယ်။

တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး လက်အောက်မှာ အမှတ် ၁၊ အမှတ် ၂၊ အမှတ်၊ အမှတ် ၃၊ အမှတ် ၄ တပ်မတော်စစ်သားစုဆောင်းရေးတပ်တို့ရှိပြီး တနှစ်ကို တပ်သားသစ် ၅၀၀ ရှာဖွေပေးရတာ ဖြစ်ပါတယ်။

ဒါ့အပြင် တပ်မတော်စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (မော်လမြိုင်)၊ တပ်မတော်စစ်သား စုဆောင်းရေးတပ်ဖွဲ့ရုံး (မြိတ်)၊ တပ်မတော်စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး(မင်္ဂလာဒုံ)၊ တပ်မတော်စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (ပုသိမ်) စတဲ့ နယ်လှည့်စုဆောင်းရေး တပ်တွေလည်း ရှိတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013