DVB Logo
Home
Lead Story
စက်လက်အသစ် ပထမဆုံးတပ်ဆင်ခွင့်ရသည့် ဂျာမနီက မသန်စွမ်းအမျိုးသမီး
DVB
·
September 17, 2023
စက်လက်အသစ် ပထမဆုံးတပ်ဆင်ခွင့်ရသည့် ဂျာမနီက မသန်စွမ်းအမျိုးသမီး
Donate to DVB

“ခုတော့ ကျမကိုယ်တိုင် အသားပြားကြော်နိုင်ပြီ”လို့  စက်လက်အသစ်နဲ့ ကြည်နူးနေတဲ့ ဂျာမန် မသန်စွမ်းအမျိုးသမီးတယောက်က ဝမ်းအားရပြောလိုက်ပါတယ်။

အခုလို အသားပြားကြော်ကို ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်နိုင်တဲ့ အခွင့်အရေးရဖို့နဲ့ သူ့ခွေးနဲ့အတူ လမ်းလျှောက်ရင်း မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဖုန်းပေါ်မှာ စာရိုက် စကားပြောနိုင်တဲ့ ဒီလိုနေ့မျိုးကို ရောက်လာဖို့အတွက်  ဒိုမီနီကာဖရစ်ဇ်တယောက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပါတယ်။

ဘယ်ဘက်လက်မောင်းရင်း အောက်ပိုင်းမပါဘဲ မွေးဖွားလာတဲ့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် အမျိုးသမီးဟာ ကမ္ဘာ့ပထမဆုံး ဆေးဘက်ဆိုင်ရာ အတည်ပြုထားတဲ့ သုံးဘက်မြင် နည်းပညာနဲ့ ပုံဖော်ထုတ်လုပ်ထားတဲ့ စက်လက်မောင်းကို တပ်ဆင်ခွင့်ရတဲ့ ပထမဆုံးသော လူတွေထဲက တဦးဖြစ်လာခဲ့ပါတယ်။

ဒိုမီနီကာဖရစ်ဇ်၊ စက်လက်အသစ် ပထမဆုံးတပ်ဆင်ခွင့်ရတဲ့ အမျိုးသမီး

“အံ့ဩဖို့ကောင်းလိုက်တာ။ ကိုယ်ခန္ဓာ အစိတ်အပိုင်းတခုခု ချို့ယွင်းနေတယ်လို့ ဘယ်လိုမှ မခံစားရသလိုဘဲ။ ယေဘုယျပြောရရင် လက်နှစ်ဖက်စလုံးနဲ့ အလုပ်လုပ်နိုင်ပြီ။ ဒီလိုမျိုး ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူး။ တခြားသူတွေ လုပ်နေတာတွေ့ပေမဲ့ ကိုယ်လုပ်နိုင်မယ်လို့ မထင်မိတာ။ အခုတော့ အကုန်လုပ်နိုင်နေပြီ။ အံ့ဩစရာပါပဲ။”

တပ်ဆင်ထားတဲ့ စက်လက်မောင်းကို အံဝင်ခွင်ကျဖြစ်အောင် ပြင်ဆင်နေရင်း ဒိုမီနီကာဖရစ်ဇ်က ပြောပါတယ်။

ချောကလက်ရောင် လာဘရာဒါ အိမ်မွေးခွေးလေးနဲ့ တောအုပ်မြေမှာ မကြာမကြာ လမ်းထွက်လျှောက်လေ့ရှိတဲ့ ဖရစ်ဇ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတချို့ ရှိနေတယ်လို့ မိန့်ဇ်ဒေသခံတွေက ပြောပြပါတယ်။

ဒိုမီနီကာဖရစ်ဇ်က “ခု မနက်စာစားဖို့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ဝိုင်းထိုင်တော့ ကိုယ့်မှာရှိတဲ့ ခြေတုလက်တုနဲ့က အသားညှပ်ပေါင်မုန့် တခုလောက်ကိုတောင်မှ ကိုယ်တိုင် မပြင်ဆင်နိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပေါင်မုန့်က ချော်ချော်ပြီးထွက်နေတော့ ငြိမ်အောင် ကိုင်လို့မရဘူး ဖြစ်နေတာ။ စားသောက်ဆိုင်တဆိုင်ကို သွားတဲ့အခါ တခြားသူတွေလိုပဲ စားချင်သောက်ချင်တာပါ။ လက်တဖက်က ခရင်းကိုကိုင်၊ တဖက်က ဓားကိုကိုင်ပြီး အသားပြားကြော်ကို ကိုယ်တိုင်စားချင်တာ ဖြစ်ပါတယ်။ ဒါတွေက တခြားသူတွေအတွက် ဘဝမှာ ရိုးရှင်းလွယ်ကူတာတွေ ဖြစ်ပေမဲ့ ကျမအတွက်ကတော့ အဆင်မပြေခဲ့ဘူးလေ” လို့ ပေြာပါတယ်။

တခါတခါမှာတော့ သူ့မှာ လက်တဖက်မရှိတာကို လူကြားထဲမှာ ဖုံးကွယ်ဖို့ ကြိုးစားဖူးပေမဲ့လည်း အခုအခါမှာတော့ လူတွေကို အသိပညာပေးဖို့နဲ့ အကူအညီ တောင်းနိုင်ဖို့အတွက် လက်မရှိတာကို လူတွေမြင်သာအောင် ဒီအတိုင်းထားတာက ပိုကောင်းတယ်လို့ သူထင်တယ်လို့ ပြောပါတယ်။

ဂျာမနီအစိုးရ ကျန်းမာရေးအာမခံစနစ်က ဖရစ်ဇ်ရဲ့ စက်လက်တုတပ်ဆင်မှုအတွက် ရန်ပုံငွေ စိုက်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

လေးလည်းလေးပြီး လုပ်ရကိုင်ရ အကန့်အသတ်ရှိတဲ့ အရင်လက်တုတွေနဲ့ မတူတာက သူရဲကောင်းလက်လို့ ခေါ်တဲ့ ဒီစက်လက်တုက လျှပ်စစ်အာရုံခံကိရိယာတွေ အသုံးပြု တပ်ဆင်ထားပြီး လက်မောင်းကြွက်သား ကျုံ့တာကြွတာတွေကို သိနိုင်တာ ဖြစ်ပါတယ်။

အိုးပင်းဘိုင်အိုးနစ်စ်ကုမ္ပဏီ စီမံခန့်ခွဲရေးဒါရိုက်တာ ဘာတင်းဂွယ်လူးဘက်ဂ်က “ထုတ်လုပ်ထားတဲ့ စက်လက်တုရဲ့ အားသာချက်က လက်ချောင်းတချောင်းချင်းစီက သီးသန့် လှုပ်ရှားနိုင်ပြီး ပေါ့ပါးတာပါပဲ။ သုံးဘက်မြင် ပုံရိပ်ဖော်နည်းပညာနဲ့ ထုတ်လုပ်ထားပြီး လက်တု အလေးချိန်ကို အများကြီး လျှော့ချနိုင်ခဲ့တယ်။ ရိုးရိုးလက်တုတွေထက်စာရင် နည်းပညာသုံး လက်တုက သုံးပုံတပုံ ဒါမှမဟုတ် တဝက်နီးပါးလောက် ပေါ့ပါးပါတယ်။ ဒါ့အပြင် စက်လက်တု အပြင်အကာတွေကို ဖြုတ်ထားမယ်ဆိုရင် မူရင်းလက်အတွင်းသားကို လေဝင်လေထွက် ကောင်းကောင်း ရနိုင်တာပါ။ အရင်ကသုံးနေတဲ့ လက်တုတွေက ဒါမျိုးလုပ်လို့မရပါဘူး။ ပူတဲ့အခါနဲ့ ချွေးထွက်တဲ့အခါမျိုးမှာ အအေးဓာတ်ရနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဲဒီရရှိလာတဲ့ အာရုံခံအသိကို ချဲ့ထွင်ပြီး အလိုအ‌လျောက် အချိုးကျတဲ့ အသေးစိတ် လက်လှုပ်ရှားမှုအဖြစ်ကို ပြောင်းလဲပေးတယ်လို့ ဆိုပါတယ်။

အိုးပင်းဘိုင်အိုးနစ်စ်ကုမ္ပဏီဟာ လူ့ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုကို မြှင့်တင်ပေးနိုင်တဲ့ အထောက်အကူပစ္စည်းတွေကို တီထွင်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ကုမ္ပဏီဟာ သရီးဒီပုံနှိပ်စက်နဲ့ သရီးဒီ စကင်ဖတ်ခြင်း နည်းပညာတွေ အသုံးပြုပြီး အဆင့်မြင့်မြင့်နဲ့ လူတွေလက်လှမ်းမီတဲ့ စက်ကိရိယာသုံး အစားထိုး ခြေလက်အင်္ဂါတွေ ဖန်တီးထုတ်လုပ်နေတဲ့ ကုမ္ပဏီလို့ တကမ္ဘာလုံးမှာ လူသိများတဲ့ နည်းပညာကုမ္ပဏီ ဖြစ်ပါတယ်။

၂၀၂၀ အောက်တိုဘာမှာ စက်လက်တုရဲ့ နောက်ဆုံးထုတ်ပုံစံဖြစ်တဲ့ သူရဲကောင်းလက် စက်လက်တုကို စတင်မိတ်ဆက်ခဲ့ပြီး ၂၀၂၃ နှစ်ဆန်းမှာကတည်းက ဂျာမနီမှာ ရောက်ရှိ အသုံးပြုနေပါတယ်။

ဘာတင်းဂွယ်လူးဘက်ဂ်က “စက်လက်တုရဲ့ ထူးခြားချက်က ဆေးဘက်ဆိုင်ရာ ကိရိယာတမျိုး ဖြစ်ပြီး သုံးဘက်မြင် ပုံရိပ်ယောင်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ပထမဆုံး ဆေးဘက်ဆိုင်ရာ ကိရိယာဖြစ်ပြီး ပြဋ္ဌာန်းထားတဲ့ ကျန်းမာရေး အာမခံရန်ပုံငွေတွေနဲ့လည်း အကျုံးဝင်ပါတယ်” လို့ ပြောပါတယ်။

ပေါ့ပါးတဲ့ နည်းပညာအသစ်နဲ့ ထုတ်လုပ်ထားတဲ့ စက်လက်တု တပ်ဆင်ထားတဲ့ ဒိုမီနီကာဖရစ်ဇ်ဟာ ပုလင်းအဖုံးလှည့်ပြီး ဖွင့်တာပိတ်တာမျိုးလို ရှုပ်ထွေးတဲ့ လက်လှုပ်ရှားမှုတွေကို ချက်ချင်းနီးပါး ဆောင်ရွက်နိုင်တာကို တွေ့ရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013