
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းမှာရှတဲ့ ကျပ်ပြင်ရဲစခန်းဟာ စက်တင်ဘာ ၁၅ ရက်နေ့ည ၈ နာရီခွဲလောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်နက်ကြီး ၅ ချက် ပစ်ခတ်သံကြားခဲ့ရပြီးနောက် သေနတ်သံတွေလည်း ဆက်တိုက် နာရီဝက်လောက်ကြားခဲ့ရပြီး လက်နက်ကြီး ထိမှန်တာကြောင့် အနီးအနား ရပ်ကွက်ထဲက နေအိမ်တချို့ ပျက်စီးတာရှိပေမယ့် လူထိခိုက်မှုမရှိသေးဘူးလို့ ကျပ်ပြင်ရပ်ကွက်နေ ဒေသခံတွေက ဆိုပါတယ်။
ကျပ်ပြင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဒီနေ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်သားနဲ့ ရဲတွေက မြို့ပေါ်မှာစစ်ဆေးပြီး လက်နက်တွေကိုင်ဆောင်လှည့်နေတာကြောင့် မိုးကုတ်မြို့အနောက်ပိုင်းက ပြည်သူတွေ အပြင်မထွက်ရဲကြသလို စျေးဆိုင်တွေ ပိတ်ထားကြတယ်လို့လည်း သိရပါတယ်။
မိုးကုတ်မြို့မှာ မိုးလုံးမှိုင်းစစ်ဆင်ရေးအဖြစ် မိုးကုတ်အခြေပြုတပ်ရင်းတွေဖြစ်တဲ့ ၁၂၂၁၊ ၁၂၂၃ တို့က TNLA နဲ့ တွဲဖက်ပြီး စက်တင်ဘာ ၁၅ ရက်နေ့က မိုးကုတ်အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲခဲ့တယ်လို့ Red Wolves of Mogok က သတင်းထုတ်ပြန်ထားပါတယ်။
မိုးကုတ်အနောက်ပိုင်းမှာ နေထိုင်သူတယောက်က “မနေ့ညက စခန်းလည်း မီးလောင်တယ်။ သူတို့က လက်နက်ကြီးတွေ ရမ်းပစ်တာလည်းရှိတယ်။ သူတို့က ဆေးရုံနဲ့နီးတော့ ရဲတွေအကုန် ဆေးရုံထဲဝင်နေကြတာ။ စခန်းမှာမရှိကြတော့ဘူး” လို့ ပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း ဗျူဟာကုန်းကနေလည်း ကုန်းစံရွာဘက်ကို လက်နက်ကြီးတွေနဲ့ စက်တင်ဘာ ၁၀ ရက်နေ့က စတင်ပြီး တရက်ကို ၅ ချက် အနည်းဆုံးပစ်ခတ်နေတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့၊ ကုန်းစံရွာမှာ စစ်ကောင်စီတပ် နဲ့ TNLA ပူးပေါင်းတပ်ဖြစ်တဲ့ မိုးကုတ်အခြေပြုတပ်ရင်းတွေ စက်တင်ဘာ ၁၀ ရက်နေ့က စတင်တိုက်ပွဲ ဖြစ်နေတာကြောင့် ကျေးရွာ ၃ ရွာက ဒေသခံတွေ ရှောင်တိမ်းနေရပါတယ်။
မိုးကုတ်မြို့၊ မိုးလုံးမှိုင်းစစ်ဆင်ရေးမှာ ဒဏ်ရာရတဲ့ စစ်သားတွေဟာ မိုးကုတ်မြို့အရှေ့ပိုင်း ပြည်သူ့ဆေးရုံနဲ့ အနောက်ပိုင်း ပြည်သူ့ဆေးရုံတို့မှာ ဆေးကုသနေပြီး သေဆုံးသူတွေကို ဗမွန်သုသာန်မှာ သင်္ဂြိုလ်နေတယ်လို့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။











