
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီနေ့ မနက်ပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ယောက်သေဆုံး၊ ၃ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်၊ မိုးကျူရှင်စာသင်ဆောင် အဆောက်အဦမှာ ဘုတလင်ရဲစခန်းကနေ စစ်ကောင်စီတပ်သား ၁၀ ယောက် လာရောက်ပြီး ကင်းပုန်းဝပ်နေတာလို့ ဆိုပါတယ်။
ဒေသခံကာကွယ်ရေးခေါင်းဆောင်တယောက်က “သူတို့က ဘုတလင်-ကနီ-ကနဲ လမ်းကို ထိမ်းချုပ်ဖို့ရာ တပ်စွဲတဲ့စခန်းလို့ ပြောလို့ရတယ်ဗျ။ တိုက်ပွဲက နာရီဝက် စစ်ဆင်ရေးဆိုတော့ ခဏဝင်ပစ်၊ ခဏပြန်ဆုတ်စနစ်နဲ့တိုက်တာဆိုတော့ တိုက်ပွဲက မကြာလိုက်ဘူး။ တိုက်ပွဲမှာက ခွေးတွေဘက်က ၇ ယောက်ကတော့ နေရာတင် သေဆုံးတယ်။ ၃ ယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ကျနော်တို့ ပြန်သိထားရတယ်။ ကိုယ့်ဘက်ကတော့ အထိခိုက်မရှိ ပြန်ထွက်လာနိုင်ခဲ့တယ်။ စစ်ကောင်စီဘက်ကနေ သေတဲ့ခွေးတွေဆီကနေ G3 တလက်၊ 74 တလက်နဲ့ ကျည်တွေ၊ ကျည်ဘောက်တွေနဲ့ စစ်ခွေးအသုံးဆောင်ပစ္စည်းကို သိမ်းလာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုကို FRF အဖွဲ့နဲ့ ဘုတလင်ပြည်သူ့ကာကွယ်ရေးအဖွဲ့စုံ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ကလည်း ဘုတလင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတယောက်သေဆုံးပြီး G3 တလက် သိမ်းယူနိုင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။