
ထိုင်းနိုင်ငံဘက်ကနေပတ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်က ကွီလုံတိုင်စစ်စခန်းကို စစ်ကူလာတဲ့ စစ်သားတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့ Cloud Wings ရဲ့ တာဝန်ခံ ကိုငြိမ်းက ပြောပါတယ်။
အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းဟာ လက်နက်၊ ခဲယမ်းနဲ့ ရိက္ခာတွေပို့ဖို့အတွက် ထိုင်းနိုင်ငံဘက်ခြမ်းကနေလာနေတာဖြစ်ပြီး Cloud Wings ဒရုန်းတပ်ဖွဲ့က ၁၀၇ မမ၊ ၈၁ မမ၊ ၆၀ မမ အစရှိတဲ့ ဗုံးသီးအလုံးပေါင်း ၂၀၀ ကျော်နဲ့ ကြဲချ တိုက်ခိုက်ခဲ့တာပါ။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အင်အား ၃၀ ခန့် တပ်စွဲထားတဲ့ ကွီလုံတိုင်စစ်စခန်းကို ဩဂုတ် ၂၄ ရက်နေ့က စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိုင်းဘက်ခြမ်းကနေ စစ်ကူပို့လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကိုတော့ စက်တင်ဘာ ၆ ရက်နေ့က စတင်ပြီး လိုက်လံ တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဟာ ဩဂုတ် ၂၄ရက်နေ့ကနေ စက်တင်ဘာ ၁၄ ရက်နေ့အထိ ရက် ၂၀ ကျော်ကြာ တိုက်ခိုက်ခဲ့ရတယ် လို့ ကိုငြိမ်းက ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ခမရ-၃၃၉၊ ခမရ-၅၆၁၊ ခမရ-၅၅၇ အစရှိတဲ့ တပ်တွေ ပါဝင်တိုက်ခိုက်ခဲ့ကြပြီး လေကြောင်းကနေလည်း ကူပစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၁၀ ယောက် ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ထိုင်းဘက်ခြမ်းကတဆင့် ကားတွေနဲ့ သယ်ဆောင်သွားကြပြီး သေဆုံးသွားသူတွေကို ဟောင်သရောမြစ်ထဲမှာ မျှောချ လိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ BGF တပ်က အင်အား အလုံးအရင်းဖြင့် KNLA - တပ်ရင်း ၁၆ ဘက်ကို စစ်အင်အားဖြည့်တင်းလာနေတာကြောင့် KNU တပ်မဟာ ၆ KNLA တပ်ရင်း ၁၆ နယ်မြေမှာ စစ်ရေး ပိုတင်းမာနေခဲ့တယ်လို့ KNLA PDF ပူးပေါင်းတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ခလယ်ကျေးရွာအုပ်စုနဲ့ တံခွန်တိုင်ကျေးရွာအုပ်ရဲ့ ရွာတွေ အားလုံးနီးပါးက ဒေသခံ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ဦးစီးဦးဆောင်မှုနဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF၊ Cloud Wings ဒရုန်းတပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းခဲ့ကြတာဖြစ်ပါတယ်။










