DVB Logo
Home
မြန်မာသတင်း
သထုံတွင် ကွမ်းရွက်ဈေးကောင်းသော်လည်း စိုက်ပျိုးရေး လုပ်သားရှားပါးနေ
DVB
·
September 16, 2023
သထုံတွင် ကွမ်းရွက်ဈေးကောင်းသော်လည်း စိုက်ပျိုးရေး လုပ်သားရှားပါးနေ
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာရှိ ကွမ်းစိုက်တောင်သူတွေအနေနဲ့ အခုနှစ်မှာ ကွမ်းရွက်စျေးကောင်းရရှိနေပေမဲ့ ခြံလုပ်သားခေါ်ယူမှု မရရှိတာကြောင့် အခက်ကြုံနေရပါတယ်။

လက်ရှိ ကွမ်းရွက်ဈေးနှုန်းမှာ အရင်နှစ်ကထက် ဈေးကောင်းရနေပေမဲ့ စိုက်ပျိုးချိန်မှာ အပင်ပြုပြင်စရိတ်၊ ဓာတ်မြေဩဇာစရိတ် မြင့်မားတာနဲ့ ခြံလုပ်သားရှားပါးမှုတွေ​ကြောင့် ကွမ်းစိုက်ပျိုးမှုကို လျှော့စိုက်နေရတယ်လို့ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာမှ ကွမ်းရွက်ခြံပိုင်ရှင် ကိုမောင်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

“အရင်နှစ်တွေကတော့ ကွမ်းတိုင် ၈၀၀ ကနေ ၁,၀၀၀ နီးပါးထိ စိုက်နိုင်တယ်။ ဒီနှစ်က လုပ်သားတွေ ခေါ်မရလို့ ၆၀၀ ဝန်းကျင်လောက်ပဲ စိုက်နိုင်တော့တယ်။ တချို့က တခြားအလုပ်တွေ ပြောင်းလုပ်ပြီး အများစုကတော့ ထိုင်းနိုင်ငံမှာ သွားလုပ်စားကြတာ။ ဟိုနိုင်ငံမှာက ပိုက်ဆံပိုရတယ်လေ။ ဒီမှာလုပ်တာက မိသားစုစားလို့မှ မလောက်တာ။”

အခုနှစ် ကွမ်းစိုက်ရာသီ စျေးအမြင့်ဆုံးအချိန်မှာ ယာကွမ်းတပိဿာကို ငွေကျပ် ၄,၀၀၀ မှ ၄,၅၀၀ အထိ ခြံစျေးရရှိပြီး အပြင်ပေါက်စျေးမှာ အကောင်းဆုံးယာကွမ်းအရွက် တပိဿာကို ငွေကျပ် ၁၀,၀၀၀ မှ ၁၄,၀၀၀ ကျပ်အထိ ရောင်းချနေ​ကြတာပါ။

ကွမ်းရွက်ပင်တွေမှာ အပင်ကောင်းရင်ကောင်းသလို ဆယ်ရက်တကြိမ်၊ ဆယ့်ငါးရက်တကြိမ် ခူးဆွတ်ပေးနေရကာ အပင်တွေကိုလည်း မပျက်စီးစေဖို့ အမြဲ ပြုစုထိန်းသိမ်းနေရတဲ့အပြင် နွေရာသီမှာ တပတ်ကိုတကြိမ်ခန့် ရေလောင်းပေးနေရကြောင်း ကွမ်းစိုက်တောင်သူတွေထံက သိရပါတယ်။

ကွမ်းစိုက်တောင်သူ ကိုမောင်ဌေးက​“ကျနော်တို့အနေနဲ့ အဓိကလိုအပ်နေတာက စနစ်တကျ စိုက်ပျိုးတဲ့နည်းလေးတွေကို သက်ဆိုင်ရာက ပညာပေးနိုင်ရင် ပိုမိုအောင်မြင်နိုင်ပါတယ်။ အခုစိုက်နေရတာက ရမ်းသန်းပြီး စိုက်နေရသလို ဖြစ်နေတယ်။ နောက်ပြီး ကွမ်းပင်မှာကျရောက်နေတဲ့ ပိုးကောင်တွေကို နှိမ်နင်း ဖျက်ဆီးဖို့အတွက် ဘယ်လိုတွေဆောင်ရွက်သင့်သလဲ ဆိုတာမျိုးကို သိရင် ပိုမိုအောင်မြင်နိုင်မှာပါ” လို့ ပြောပါတယ်။

ကွမ်းပင်စိုက်ပျိုးရာမှာ အရင်နှစ်က စိုက်ပျိုးခဲ့တဲ့ အညွန့်ကိုယူပြီး ဝါးတိုင်ထောင်ကာ မြေချ စိုက်ပျိုးရတာဖြစ်ပြီး ကွမ်းရွက်တိုင်ပေါင်း ၁,၀၀၀ စိုက်ပျိုးပါက ခန့်မှန်းကုန်ကျစရိတ်အနေနဲ့ ကျပ် သိန်း ၂၀ ဝန်းကျင်ခန့် ရှိပါတယ်။

နောင်ဘိုကျေးရွာမှာ ကွမ်းကို မိရိုးဖလာလုပ်ငန်းအဖြစ် နှစ်စဥ် ရွာလုံးကျွတ်နီးပါး ကွမ်းစိုက်ပျိုးခဲ့ကြပြီး သထုံမြို့နယ်၊ နောင်ဘိုကျေးရွာက ထွက်ရှိတဲ့ ကွမ်းရွက်တွေကိုတော့ ဒေသတွင်းစားသုံးမှုအပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေအထိ တင်ပို့ရောင်းချကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013