DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်သား ၁ ဦး KNDF နှင့်ပူးပေါင်း
DVB
·
September 15, 2023
စစ်ကောင်စီတပ်သား ၁ ဦး KNDF နှင့်ပူးပေါင်း
Donate to DVB

အသက် ၁၉ နှစ်အရွယ် စစ်ကောင်စီတပ်သားတဦး လက်နက်နဲ့အတူ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်မှာ ခိုလှုံလာကြောင်း KNDF တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။

အဆိုပါတပ်သားမှာ စိုင်းပြည့်စုံဖြိုးဝေ ဖြစ်ပြီး ကချင်ပြည်နယ်ဇာတိ ဖြစ်ပါတယ်။ မိသားစုက ခက်ခဲလို့ ကြုံရာကျပန်းအလုပ် လုပ်ကိုင်ခဲ့ရာကနေ စစ်ကောင်စီရဲ့ တပ်သားစုဆောင်းရေးကြောင့် စစ်တပ်ထဲကို ရောက်ရှိလာတာလို့ သူ့ကိုယ်တိုင် ပြောပြတဲ့ ရုပ်သံမှတ်တမ်းအရ သိရပါတယ်။

“အိမ်မှာက အဆင်မပြေတော့ သူတို့က ပိုက်ဆံပေးမယ်ဆိုပြီးတော့ ခေါ်တာ။ ခေါ်တော့ ဝင်ဖြစ်သွားတာပေါ့။ သင်တန်းကျတော့ သေနတ်တွေပစ်ရမယ်၊ လေယာဉ်ပျံစီးရမယ်ဆိုပြီး ကိုယ်ဝါသနာပါတဲ့ သေနတ်ပစ်ချင်တာနဲ့ လေယာဉ်ပျံစီးချင်တာနဲ့ အဲ့နှစ်ခု သွားတိုက်ဆိုင်တော့ ဝင်ဖြစ်သွားတာ” လို့ စိုင်းပြည့်စုံဖြိုးဝေက ပြောပါတယ်။

တပ်ထဲဝင်ပြီးနောက် ရမည်းသင်း‌ လေ့ကျင့်ရေး ၃ မှာ သင်တန်း ၆ လတာ တက်ခဲ့ရပြီး ရှေ့တန်းကို ကရင်နီပြည် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအခြေစိုက် ခမရ ၅၃၀ တပ်မှာ ပို့ဆောင်ခံရတာ ၅ လရှိတယ်လို့ ဆိုပါတယ်။

တပ်ထဲရောက်ပြီးကတည်းက ဆက်သွယ်ရေးမြောင်းတွေ တူးခဲ့ရကြောင်း၊ မတူးတဲ့နေ့တွေဆိုရင် တခြားအလုပ်တွေ လုပ်ဆောင်ခဲ့ရကြောင်း ပြောပါတယ်။

“အလုပ်တွေ တအားခိုင်းတယ်။ ပင်ပန်းတဲ့ဟာတွေဆိုတော့ လူက ခံနိုင်ရည်မရှိတဲ့ အခါကျတော့ ဖြေရှင်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ ကိုယ်က ရဲဘော်အဆင့်ပဲဆိုတော့ မပြောနိုင်ဘူး။ ပြောရင် ကိုယ့်ဘက်ကပဲ မှားတာဆိုတော့။”

တရက် ကင်းကျချိန် သေနတ် ၂ လက်ကိုယူပြီး ရအောင်ထွက်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်နိုင်တာဆိုလို့ MA 3 နဲ့ ၁၄ ပဲ နိုင်တာဆိုတော့ အဲဒီနှစ်ခုပဲ ယူပြေးခဲ့တာ။”

KNDF တပ်ရင်း ၂ တာဝန်ရှိသူတဦးကတော့ “သူက အရင်ဦးဆုံး CDM ဌာနကို ဆက်သွယ်လာတာပေါ့နော်။ ကျနော်တို့ကို ဆက်သွယ်လာတဲ့အတွက် ကျနော်တို့ ဗျူဟာ ၂ နယ်မြေမှာ ဖြစ်တဲ့အတွက် ကျနော်တို့ သွားရောက်ခေါ်ယူခဲ့တာ” လို့ ပြောပါတယ်။

CDM မဝင်ခင် ခမရ ၅၃၀ ကို ပို့ဆောင်ဖို့ စစ်ခေါင်းဆောင်တွေက ဆောင်ရွက်ထားပေမဲ့ သူ CDM ဝင်တဲ့အတွက် အဲဒီတပ်ထဲ မရောက်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

စစ်တပ်ထဲကနေ ထွက်ခဲ့ရလို့ ကျေနပ်ကြောင်းနဲ့ ဒီဘက်ကိုရောက်တဲ့အချိန် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သွားချင်တဲ့နေရာကို သွားလို့ရကြောင်း၊ စစ်တပ်ထဲကလို ကျဉ်းကျဉ်းကြပ်ကြပ် မနေရတော့လို့ ကျေနပ်တဲ့အကြောင်းလည်း စိုင်းပြည့်စုံဖြိုးဝေက ပြောပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) လက်အောက်က CDM ဌာနမှာ စစ်ကောင်စီတပ်သားတွေအတွက် ကရင်နီပြည်သူ့ရင်ခွင်ကို ဖွဲ့စည်းပြီး လက်ခံရေးအစီအစဉ် တွေကို ပြုလုပ်ထားတာ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013