DVB Logo
Home
မြန်မာသတင်း
မြန်မာ MOU အလုပ်သမားများ ဘန်ကောက်သံရုံးရှေ့  သွားရောက် အလုပ်သမားအခွင့်အရေး တောင်းဆို
DVB
·
September 15, 2023
မြန်မာ MOU အလုပ်သမားများ ဘန်ကောက်သံရုံးရှေ့  သွားရောက် အလုပ်သမားအခွင့်အရေး တောင်းဆို
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ တရားဝင် ရောက်လာတဲ့ မြန်မာအလုပ်သမား ၃၀ လောက်ဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာကြောင့် မြန်မာသံရုံးရှေ့မှာ သွားရောက် တောင်းဆိုခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံရှိ Go Merry ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာအေဂျင်စီ Big Money နဲ့ တရားဝင် စာချုပ် ချုပ်ဆိုခဲ့တာလို့ ဆိုပါတယ်။

အဆိုပါစာချုပ် ချုပ်ဆိုပြီးနောက် မြန်မာအေဂျင်စီ Big Money က မြန်မာလုပ်သားတွေကို စာချုပ်ပါလုပ်ငန်းခွင် မဟုတ်ဘဲ ထိုင်းနိုင်ငံ၊ နခွန်ပထုံရှိ ကြက်သားစက်ရုံကို သြဂုတ် ၁၆ ရက်မှာ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်နဲ့ စာချုပ် ချုပ်ကတည်းက ဖိချပွန်မြို့က ကောက်ကောက်ကြက်သားစက်ရုံကို ပို့ပေးမယ်လို့ ပြောတယ်။ အဲမှာ အခန်း၊ ရေ၊ မီး အလကားပေးမယ်လို့ ပြောတယ်။ သူတို့ ပို့လိုက်တာက MOU စနစ်နဲ့ မကိုက်ညီတဲ့ နခွန်ပထုံက ကြက်သားစက်ရုံကို ပို့လိုက်တာ။ အဲရောက်တော့ အခန်းခဆိုပြီး တယောက်ကို ဘတ်ငွေ ၁,၀၀၀ စီတောင်းတယ်” လို့ ကာယကံရှင် အလုပ်သမားက ပြောပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့မှာ အေဂျင်စီက  ဖိချပွန်မြို့ရှိ ကောက်ကောက် ကြက်သားစက်ရုံ ပို့ပေးမယ်ဆိုပြီး အလုပ်သမားတွေကို လာခေါ်ကာ အဲဒီကြက်သားစက်ရုံမပို့ဘဲ ထိုင်းပွဲစားအိမ်မှာ ဒီကနေ့အထိ ထားထားတယ်လို့ဆိုပါတယ်။

အလုပ်သမားတဦးက “ကျနော်တို့ကို အလုပ်လည်း မပေးနိုင်ဘူး။ ကျနော်တို့ ဒီမှာ သွားစရိတ် လာစရိတ် စားစရိတ် အားလုံး ကိုယ့်ပိုက်ဆံကိုယ်သုံးပြီး နေနေရတယ်။ အခုလက်ရှိမှာ ထိုင်းပွဲစားကလည်း အိမ်ပေါ်ကမဆင်းရင် ရဲခေါ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိတယ်။ အဲလိုတွေ အခက်အခဲကြောင့် WAG ရုံးထံ ဆက်သွယ်ပြီး မြန်မာသံရုံးဆီမှာ အကူအညီ တောင်းခံတာပါ” လို့ ဒီဗွီဘီကို ဆက်ပြောပါတယ်။

မြန်မာသံအရာရှိနဲ့ တရားသူကြီးတို့က တခြားအလုပ်တခု လုပ်ကိုင်နိုင်ဖို့ အလုပ်ထွက်စာကို တောင်းပေးမှာဖြစ်လသို အေဂျင်စီနဲ့ ဆက်သွယ်ပြီး ဖြေရှင်းပေးပါမယ်လို့ အာမခံပေးခဲ့ပါတယ်။

သြဂုတ် ၁၆ ရက်မှာ မြန်မာအေဂျင်စီ Big Money က မြန်မာအလုပ်သမား အယောက် ၁၀၀ ကို ထိုင်းနိုင်ငံဆီ ပို့ဆောင်ပေးခဲ့ပြီး ၅၈ ယောက်ကို ကြက်သားစက်ရုံနဲ့ ၄၂ ယောက်ကို တခြားအလုပ်တခုလို့ ပြောဆိုကာ စာချုပ် ချုပ်ခဲ့ပါတယ်။

ဒါပေမဲ့ အလုပ်သမား အယောက် ၁၀၀ လုံး စာချုပ်ပါ အချက်အလက်နဲ့ ကိုက်ညီမှုမရှိဘဲ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရကာ ဒီအပေါ်မှာလည်း မြန်မာအေဂျင်စီက တာဝန်ယူ ဖြေရှင်းပေးတာမျိုး မရှိဘူးလို့ အလုပ်သမားတွေထံက သိရပါတယ်။

အခုလက်ရှိအခြေအနေမှာတော့ မြန်မာအလုပ်သမားတွေကို အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ ထိုင်းပွဲစားက ခြိမ်းခြောက်တာတွေ၊ မြန်မာအေဂျင်စီက တာဝန်ယူ မဖြေရှင်းပေးတာတွေနဲ့ ပတ်သက်ပြီး WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့က လိုက်လံကူညီပြီး ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013