
အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC) က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးညွှန်းကိန်း (Global Rights Index) အရ ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ အလုပ်သမားတွေအတွက် အခွင့်အရေးအဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ဆက်လက်ပါဝင်နေပါတယ်။
ITUC ဟာ နိုင်ငံအသီးသီးက အစိုးရတွေနဲ့ အလုပ်ရှင်တွေအနေနဲ့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ စုပေါင်းအလုပ်သမားအခွင့်အရေးတွေကို လိုက်နာမှု ရှိ၊ မရှိနဲ့ အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေအပေါ် မူတည်ပြီး နှစ်စဉ် အဆင့်သတ်မှတ် ထုတ်ပြန်တာ ဖြစ်ပါတယ်။
မေ ၃၁ ရက်အထိ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွက် အလုပ်သမားအခွင့်အရေး အဆိုးရွားဆုံး ၁၀ နိုင်ငံအဖြစ် မြန်မာနိုင်ငံနဲ့အတူ အာဂျင်တီးနား၊ ဘယ်လာရုစ်၊ အီကွေဒေါ၊ အီဂျစ်၊ အက်စ်ဝါတီနီ၊ နိုင်ဂျီးရီးယား၊ ပနားမား၊ တူနီးရှားနဲ့ တူရကီနိုင်ငံတို့ သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်လက်အောက် စက်ရုံလုပ်ငန်းခွင်တွေအတွင်း အလုပ်သမားသမဂ္ဂဝင်တွေကို အကွက်ချ အလုပ်ထုတ်တာ၊ ဖိအားပေး ခြိမ်းခြောက်တာတွေအပြင် ဥပဒေမဲ့ အဓမ္မစေခိုင်းမှုတွေ ဆိုးရွားစွာ ကြုံတွေ့နေရချိန်မှာပဲ အခုလို ကမ္ဘာ့အလုပ်သမား အခွင့်အရေး အဆိုးဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ဆက်လက်သတ်မှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။










