
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်ဖြုတ်ခံရတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားတွေဟာ ထိုက်သင့်တဲ့နစ်နာကြေး မရဘဲ အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်။
စီရာချာမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၁၁၁ ယောက်ဟာ ဇွန်လကုန်ပိုင်းက ရုတ်တရက် အလုပ်ရပ်နားခံရပြီး လုပ်ခလစာ မရရှိတာကြောင့် WAG အလုပ်သမား မဟာမိတ်အဖွဲ့ကို ဆက်သွယ် အကူအညီ တောင်းခံခဲ့ပါတယ်။
အဲဒီ အလုပ်သမား ၁၀၀ ကျော်မှာ အလုပ်သမား အယောက် ၅၀ ဝန်းကျင်သာ အထောက်အထား အပြည့်အစုံ ရှိတာကြောင့် အထောက်အထားမရှိတဲ့ အလုပ်သမားတွေဟာ ထိုက်သင့်တဲ့ လုပ်ခနဲ့ နစ်နာကြေး မရကြဘူးလို့ WAG အဖွဲ့က ဩဂုတ်လအတွင်း သတင်းထုတ်ပြန်ပါတယ်။
WAG- အလုပ်သမား မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုမုန်တိုင်းက “ဒီ ချွန်ဘူရီဘက်ကို တရားမဝင် လုပ်သားတွေကို လိုင်းပေါ်က ပွဲစားတွေက မြှူဆွယ်ပြီးတော့ အလုပ်ရှိပါတယ်ဆိုပြီး ခေါ်တာတွေကို သွားမပို့ပေးစေချင်ဘူး။ ပွဲစားတွေက ချွန်ဘူရီမှာ အလုပ်ကောင်းတယ်၊ အလုပ်ရှိတယ်ဆိုပြီး သွားပို့ကြတယ်။ အထောက်အထားမဲ့တွေကိုလည်း လက်ခံတယ် ဆိုပြီးတော့ပေါ့။ ကိုယ့်ဘက်က အထောက်အထား မပြည့်စုံရင် အခုလိုမျိုး အလုပ်ဖြုတ်ခံရတဲ့အခါ သူတို့ဘက်က လုပ်ခလစာမပေးလည်း ရတယ်ဆိုတဲ့ ပုံစံမျိုး ချိုးလာတဲ့ အပိုင်းတွေ တွေ့လာတယ်။ သူတို့ ပိုက်ဆံမပေးဘူးဆိုရင် အေး နင်တို့ ကြိုက်တဲ့ဆီ သွားတိုင်၊ သွားတိုင်မယ်ဆိုရင် သူတို့က အထောက်အထားမဲ့လေ။ အထောက်အထားမဲ့ဆိုတော့ ကိုယ်က အရင်သွားတိုင်ပြီဆိုရင် ကိုယ့်ရဲ့ အထောက်အထား အရင်ပြရတော့မှာ။ မပေးနိုင်ရင် ဘာဖြစ်လဲ တရားမဝင်လုပ်သား ဖမ်းဆီးခံရမယ်။ အဲဒီလိုမျိုးတွေကို မသမာတဲ့ ထိုင်းတွေက တော်တော်များများ လုပ်လာတာ တွေ့ရတယ်” လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ်အတွင်း အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား လုပ်သားတွေကို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ထိုင်းအစိုးရက စစ်ဆေး အရေးယူမှုတွေ တင်းကျပ်နေပါတယ်။
ဇွန်လအတွင်း ထိုင်းနိုင်ငံ ပထုံဌာနီက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို စစ်ဆေးရာမှာ အလုပ်လုပ်ခွင့်လက်မှတ် မရှိတဲ့ နိုင်ငံခြားသား ၁၁၄ ယောက်ကို တွေ့ရှိပြီး အရေးယူခဲ့တယ်လို့ ထိုင်းအလုပ်အကိုင်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အထောက်အထား မစုံတဲ့ လုပ်သားတွေအနေနဲ့ လုပ်ခလစာ မရတာ၊ အလုပ်ဖြုတ်ခံရတာတွေကို တိုင်ကြားရင်တောင် ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ကို စိုးရိမ်နေရပါတယ်။
ချွန်ဘူရီခရိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတယောက်က “တချို့ကကျတော့ ဘတ်ရိုက်ဖို့ မမီတဲ့ အသစ်ရောက်လာသူတွေ ရှိတယ်။ တချို့ကကျတော့လည်း ဘတ်ရိုက်ထားတယ်။ ငွေကြေးအခက်အခဲကြောင့် သက်တမ်းတိုးဖို့ လွန်ကုန်တာတွေ ရှိတယ်။ ငွေကြေးအခက်အခဲ အလုပ်အဆင်မပြေတော့ ဘတ်မရိုက်နိုင်တာတွေ ရှိတယ်။ တချို့ကလည်း ဘတ်ရိုက်ပြီးတော့ ဘတ်ရိုက်ထားတဲ့ နေရာတွေမှာက အလုပ်အကိုင် အဆင်မပြေလို့ ပြောင်းလာတဲ့သူတွေ ရှိတယ်။ အဲလိုမျိုးတွေနဲ့ ပြောင်းလာတဲ့အချိန်မှာ တချို့အလုပ်ရှင် သူဌေးတွေက တာဝန်ယူမှု တာဝန်ခံမှု မရှိတော့ဘူး။ လုပ်ဆောင်မပေးတော့လို့ ဘတ်မဲ့ (အထောက်အထားမဲ့) တွေ ဖြစ်ကုန်တာတွေ ရှိတယ်။ ကျန့်အော် ကျန့်ခေါက် (တရားဝင် အလုပ်ထွက်စာ၊ အလုပ်ဝင်စာ) မလုပ်နိုင်တာတွေလည်း ဖြစ်ကုန်တယ်။ အဲဒါကြောင့် အထောက်အထားမဲ့တွေ ဖြစ်ကုန်တာ ခင်ဗျ” လို့ ပြောပါတယ်။
ထိုင်းဥပဒေအရ အလုပ်ရပ်စဲခံရတဲ့ အလုပ်သမားတွေဟာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် ကြိုတင်အသိပေးချက်နဲ့ လုပ်သက်အလိုက် နစ်နာကြေးရရှိခွင့် ရှိပါတယ်။
ဒါပေမဲ့ မြန်မာလုပ်သားအများစုဟာ ဘာသာစကား မကျွမ်းကျင်တာနဲ့ စာရွက်စာတမ်း အထောက်အထား မပြည့်စုံတာတွေကြောင့် အခွင့်အရေး ချိုးဖောက်ခံရတာတွေ ကြုံနေရတာပါ။
ထိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ မြန်မာလုပ်သား ၇ သန်းနီးပါး ရောက်ရှိ လုပ်ကိုင်နေကြပြီး အဲဒီထဲမှာတော့ အထောက်အထား အပြည့်အစုံနဲ့ လုပ်ကိုင်နေတဲ့ အလုပ်သမားက ၃ သန်းဝန်းကျင်သာ ရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ခန့်မှန်း ပြောပါတယ်။











