DVB Logo
Home
Lead Story
စစ်ဗိုလ်ချုပ်တွေနဲ့ ဆီကုန်သည်တွေ လက်ဝါးကြီးအုပ်ထားတဲ့ စားအုန်းဆီဈေးကွက်
DVB
·
September 15, 2023
စစ်ဗိုလ်ချုပ်တွေနဲ့ ဆီကုန်သည်တွေ လက်ဝါးကြီးအုပ်ထားတဲ့ စားအုန်းဆီဈေးကွက်
Donate to DVB

“ဆီကားလာတယ်ဟေ့၊ ဟိုဘက်ရပ်ကွက်မှာ တန်းစီနေတဲ့လူကတော့ မနည်းဘူး”လို့ လမ်းသွားလမ်းလာတယောက်ရဲ့ စကားသံကြောင့် ဒေါ်မြင့်တယောက် ရေသန့်ဘူးခွံတခုကို ယူကာ စာအုန်းဆီကား ရှိရာဆီသို့ ပြေးသွားခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်က ရပ်ထားတဲ့ စာအုန်းဆီကားဆီ ရောက်တဲ့အခါ တန်းစီနေတဲ့ လူအုပ်ကြီးကို မြင်ပြီး စိတ်ပျက် အားငယ်သွားပါတယ်။ စားအုန်းဆီ ငါးဆယ်သားရဖို့ တန်းစီနေတဲ့လူမှာ ငါးရာဝန်းကျင်နီးပါး ရှိပါတယ်။ ခြေလှမ်းကို ခပ်သွက်သွက်ပင်လျှောက်ကာ နောက်ဆုံးမှာ ဝင်ပြီး တန်းစီလိုက်ပါတယ်။ စိတ်ထဲမှာတော့ မိမိအလှည့်မရောက်ခင် ဆီမကုန်သွားဖို့ဘဲ ဆုတောင်းနေရပါတယ်။

စားအုန်းဆီရောင်းချတဲ့ ဟိုက်ဂျက်ကားပေါ်မှ လည်ကတုံးအင်္ကျီ ဝတ်ဆင်ထားတဲ့ လူတယောက် ဆင်းလာပြီး ဆီတန်းစီနေတဲ့ လူအုပ်ကြီးကို ဖုန်းနဲ့ ဓာတ်ပုံ စိတ်ကြိုက်ရိုက်ပါတော့တယ်။

အလှည့်ကျ စားအုန်းဆီရောင်းပေးနေရာ မိမိအလှည့်မရောက်ခင် လူနှစ်ရာလောက်အလိုမှာ ဆီကုန်သွားလို့ ရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ပါတော့တယ်။

“ဟာ လုပ်ပြန်ပြီ၊ ဟိုတခါကလည်း ဒီလိုပဲ၊ လူတရာလောက်ရောင်းပြီး ဓာတ်ပုံရိုက်ပြီး ပြန်သွားတယ်။ အစကတည်းက လူဘယ်လောက်ပဲရမယ်ဆိုတာပြောရင် တန်းမစီဘူး။ အခုက အလကားအချိန်ကုန်တယ်” စတဲ့စကားသံများ တယောက်တပေါက် ထွက်လာပါတော့တယ်။

ဒေါ်မြင့်တယောက် စိတ်ပျက်အားငယ်စွာ ရေသန့်ဘူးအလွတ်ကိုကိုင်ပြီး ရပ်ကွက်ထဲက လက်လီဆိုင်မှာ စားအုန်းဆီတပိဿာကို ၈,၅၀၀ ကျပ်နဲ့ ပြန်ဝယ်စားရပါတော့တယ်။

လက်လီဆိုင်မှာ ဆီတပိဿာ ၈,၅၀၀ ကျပ်နဲ့ ဝယ်ရဖို့က ထင်သလောက် မလွယ်ကူပေ။ လူအရိပ်အခြည်ကြည့်ကာ လူရှင်းမှ ရေသန့်ဘူးခွံပေးပြီး ဆီတပိဿာကို ဆိုင်ရှင်ကထည့်ကာ ကြွပ်ကြွပ်အိတ်အမည်းနဲ့ ပြန်ပေးပါတယ်။ ပိုက်ဆံကို ၈,၅၀၀ ပေးပါက ဘေးပတ်ဝန်းကျင် သိမှာစိုးလို့ တခြားကုန်ပစ္စည်းတွေ အဝယ်ပြပြီး ရောပြီးရှင်းရတာ ဖြစ်ပါတယ်။

“အခု ဆီဝယ်ရတာ မူးယစ်ဆေးဝါး ဝယ်ရသလိုပဲ။ ကျမတို့မြို့နယ်မှာ ၄,၄၀၀ နဲ့ ရောင်းတဲ့ဆိုင် ရှိတယ်။ အဲဒီမှာသွားဝယ်ရင် အသွားအပြန် ကယ်ရီခ နှစ်ထောင်ရှိတယ်။ ဟိုရောက်ရင် တန်းစီရတာ အနည်းဆုံး ၂ နာရီလောက် ကြာတယ်၊ ဆီတပိဿာရဖို့ကို။ အဲဒါကြောင့် ရပ်ကွက်ထဲမှာပဲ ၈,၅၀၀ နဲ့ ဝယ်စားရတယ်” လို့ ဒေါ်မြင့်က ပြောပါတယ်။

အိမ်ထောင်စု ၅,၀၀၀ ကျော်၊ လူဦးရေ ၃၃,၀၀၀ နီးပါးရှိတဲ့ ရပ်ကွက်တခုကို စာအုန်းဆီကားက တလမှာ ၂ ကြိမ်လောက်သာ လူနှစ်ရာ၊ သုံးရာကို ဆီ ၅၀ သား လာရောင်းပေးရုံလောက်နဲ့ ဆီဈေးကျသွားမှာ မဟုတ်ဘူးလို့ လှိုင်သာယာမြို့ခံတဦးက ပြောပါတယ်။

“ကျနော်တို့ ၁၅ ရပ်ကွက်မှာဆို လမ်း ၆၆ လမ်း ရှိတယ်။ အဆောင်တွေ၊ လိုင်းခန်းတွေ အများကြီး။ စားအုန်းဆီကား တရက်လောက် လာရောင်းပြီး ဆီဈေးကို ထိန်းချုပ်နိုင်ပြီဆိုတာ ပြောနေတော့ ရယ်စရာ ဟာသတခုလို ဖြစ်နေတယ်။ တကယ်ရောင်းစေချင်ရင် လက်လီသမားတွေ ခွဲတမ်းချ ရောင်းပေးလိုက်။ အခုက လက်လီသမားတွေလည်း တန်းစီပြီး ဝယ်ရတာ” လို့ ပြောပါတယ်။

လက်ရှိ စားအုန်းဆီဈေးကွက်ကို ဘုရင့်နောင်ပွဲရုံနဲ့ လမ်းမတော်သံဈေး၊ ညောင်ပင်လေးဈေးက ကုန်သည်တွေက ထိန်းချုပ်ထားပြီး လက်လီဆိုင်တဆိုင်ကို ငါးပိဿာ တန်းစီစနစ်နဲ့ ရောင်းချပြီး အပိုဝယ်ယူလိုပါက တပိဿာကို ၈,၀၀၀ ကျပ်နဲ့ ဝယ်ယူရတာဖြစ်တယ်လို့ မြောက်ဒဂုံမြို့နယ် ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

“အခုဆို စားအုန်းဆီကို မရောင်းချင်တော့တာ၊ ဆီငါးပိဿာရဖို့ ဘုရင့်နောင်မှာ သွားတန်းစီရတယ်။ အချိန်ကုန်မခံနိုင်ဘူးလား။ ရတယ်၊ တပိဿာကို ၈,၀၀၀ နဲ့ လိုသလောက် ရတယ်။ ဒါပေမဲ့ ဘောက်ချာမှာက ၄,၄၀၀ ပဲ။ ကျနော်တို့က ၈,၅၀၀ နဲ့ ပြန်ရောင်းရတယ်။ ပြဿနာဖြစ်ရင် ပွဲရုံက လွတ်တယ်။ ကျနော်တို့က အဖမ်းခံရမယ်။ ကံမကောင်းရင် ချိပ်ပိတ်ခံရမယ်။ ဒါတွေက တကယ်ဖြစ်နေတာ” လို့ ပြောပါတယ်။

စားအုန်းဆီဈေးကွက်မှာ အခုလို ခေါင်းပုံဖြတ် စစ်တပ်နဲ့ ကုန်သည်တွေ ပေါင်းကာ ရိုက်စား လုပ်နေတာကို အရဲစွန့်ပြီး တိုင်ချင်ပေမဲ့ စစ်တပ်က ဖမ်းပြီးပြန်လွှတ်တာကြောင့် ဘယ်သူမှ မတိုင်ရဲဘူးလို့ တောင်ဒဂုံမြို့ခံ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ညောင်လေးပင်က ကုန်သည်တွေနဲ့ ဘုရင့်နောင်က ကုန်သည်တွေ ပြီးခဲ့တဲ့ရက်က ဖမ်းလိုက်သေးတယ်။ နောက်ရက် ပြန်လွှတ်ပေးလိုက်တယ်။ ဆီလောကကလူတွေ သိတယ်။ အရေးယူတာလည်းမဟုတ်တော့ ဘယ်သူမှ မတိုင်ရဲဘူး။ အခုလုပ်ရပ်က လက်လီဆိုင်လေးတွေကို ဒုက္ခပေးတာ” လို့ ပြောပါတယ်။

စစ်တပ်က အမှန်တကယ် ပြည်သူလူထုအပေါ် စေတနာထားပါက ဆီကုန်သည်တွေကတဆင့် လက်လီဆိုင်ငယ်တွေကို ရည်ညွှန်းစျေးအရ လိုသလောက်ရောင်းပေးပြီး ဈေးတင်ရောင်းချသူကို အပြစ်ပေး အရေးယူတာ ပိုမိုထိရောက်တယ်လို့ စီးပွားရေးပညာရှင် တဦးက ရှင်းပြပါတယ်။

“အခြေခံက ရပ်ကွက်ကစတာ။ အဲဒါကို ရပ်ကွက်တခုကို တလမှ တခါလောက် လာရောင်း၊ လက်လီဆိုင်တွေကို ငါးပိဿာလောက် ရောင်းပေးတော့ ဆီကုန်သွားလို့ မရောင်းရင် ရပ်ကွက်နဲ့ အဲဒီဆီဆိုင်နဲ့ ပြဿနာတက်ရော။ ကြာတော့ လက်လီကုန်စုံဆိုင်လေးတွေလည်း ရပ်နားလိုက်ရရော။ ဥပဒေကိုက သူတို့စားပေါက်ထွင်ထားတာ” လို့ ပြောပါတယ်။

စာအုန်းဆီကို စစ်ကောင်စီတပ်လည်း ခွဲတမ်းရပြီး ရရှိတဲ့ခွဲတမ်းကို ရင်းနှီးတဲ့ လက်လီဆိုင်တွေကို တပိဿာ ၈,၀၀၀ နှုန်းနဲ့ ပြန်လည်ရောင်းချပြီး ဘောက်ချာ သတ်မှတ်ဈေးနှုန်းနဲ့ ဖွင့်ပေးတယ်လို့ ဆီကိုယ်စားလှယ်တဦးက ပြောပါတယ်။

“ကျနော့်ကို တပ်က ဗိုလ်မှူးတယောက်က ဖုန်းဆက်တယ်။ ဆီ ၁၀ ပေပါလောက်ရှိတယ် ယူထားမလားတဲ့။ ဈေးနှုန်းမေးတော့ ၈,၀၀၀ တဲ့၊ ဘောက်ချာမှာတော့ ၄,၄၀၀ နဲ့ ဖြတ်မယ်ပြောလို့ ဆီတွေရှိသေးတယ်ဆိုပြီး ငြင်းလိုက်ရတယ်” လို့ ပြောပါတယ်။

မြို့နယ်ဆင်ခြေဖုံးရှိ ရပ်ကွက်ကုန်စုံဆိုင်လေးတွေမှာ ဘုရင့်နောင်မှာ ခွဲတမ်းစားအုန်းဆီ ငါးပိဿာရဖို့ တနေကုန် တန်းစီးရပြီး ရောင်းချလို့ ကုန်သွားပါက ရပ်ကွက်နေပြည်သူတွေရဲ့ ပြဿနာရှာမှုကို ခံရလို့ တချို့ဆိုင်ပိတ်ပြီး ရှောင်တိမ်းနေရတယ်လို့ ရွှေပြည်သာမှ ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

“၅ ပိဿာဆို တယောက်ကို တဆယ်သားပဲ လာဝယ်ရင်တောင် လူ ၅၀ ဆို ပြတ်ပြီ။ နောက်လူ ရောင်းလို့မရတော့ဘူး။ ဆီကုန်သွားပြီလို့ပြောရင် တိုင်လိုက်ရမလား၊ ဘာညာတွေပြောနေတော့ သူတို့က ကိုယ့်ဒုက္ခကို သိတာမဟုတ်ဘူး။ နောက်ပိုင်း ဆိုင်ပိတ်ပြီး ရွာပြန်နေရတယ်။ စစ်တပ်က ပေးတဲ့ဒုက္ခက အတော်ကြီးတာ” လို့ ရှင်းပြပါတယ်။

ပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည်စေဖို့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ အပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်ဖို့ ဇွန်လ ၂၇ ရက်က စစ်ကောင်စီက စာအမှတ် ၁၁၄/၂၀၂၃ နဲ့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့ပါတယ်။

ကော်မတီမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးများ၊ UMFCCI ဥက္ကဋ္ဌများ ပါဝင်တဲ့ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး အတွင်းရေးမှူးကို စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ပေးခဲ့ပါတယ်။

သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကတော့ ဆန်၊ စားသုံးဆီနဲ့ မီးဖိုချောင်သုံးကုန်ပစ္စည်းတွေ ဈေးနှုန်းတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများနဲ့ ပူးပေါင်းဆောင်ရွက်ရန်၊ သယ်ယူရာမှာ လမ်းခရီးမှာ မလိုအပ်ဘဲ ထိန်းချုပ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကို ဖွဲ့စည်းပြီး တလအကြာ ဇူလိုင်လ ၂၃ ရက်မှာ နှစ်သောင်းတန် ငွေစက္ကူများ ထုတ်ဝေမယ်ဆိုပြီး စစ်ကောင်စီက ကြေညာခဲ့ချိန်ကစပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာကာ ဇူလိုင်လ ၃၁ ရက် ထုတ်ဝေပြီးချိန်မှာတော့ ဒေါ်လာစျေး၊ ရွှေဈေး၊ စားအုံးဆီဈေးနှုန်း အပါအဝင် ဈေးကွက်အတွင်းရှိ ကုန်စည်အားလုံးနီးပါး အဆမတန် ဈေးမြင့်တက်ခဲ့ပါတယ်။

စစ်ကောင်စီက ကုန်ဈေးနှုန်းကို ထိန်းချုပ်မယ်လို့ ကြွေးကြော်ခဲ့ပေမဲ့ စားအုန်းဆီတပိဿာကို စျေးကွက်ထဲမှာ ၁၂,၀၀၀ အထိဖြစ်ခဲ့လို့ သြဂုတ်လ ၃၀ ရက်မှာ စားသုံးဆီအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းနဲ့ ဆီတင်သွင်းခွင့်ပါမစ်ရ ဆီကုန်သည်တွေဖြစ်တဲ့ ဦးအေးစိန်၊ ဦးမြင့်ကြူ၊ ဦးဝမ်ထိုက်၊ ဦးထွန်းထွန်းဝင်း တို့ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနဲ့ စစ်ဘက်ရေးရာလုံခြုံရေး (စရဖ) အဖွဲ့က ပူးပေါင်းဖမ်းဆီးခဲ့ပါတယ်။

“အဲဒီတုန်းကလည်း ဥက္ကဋ္ဌ ဆန်းလင်းတို့ သရဲခြောက်ကောင်လို့ နာမည်ကြီးနေတဲ့ ဆီကိုယ်စားလှယ်တွေ စသုံးလုံးညွှန်ချုပ်နဲ့ ညှိပြီး စရဖချုပ် ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ဘယ်လောက် လာဘ်ထိုးလိုက်လဲ မသိဘူး၊ ခဏလေးနဲ့ ပြန်လွှတ်လာတယ်။ ဒါကြောင့် စသုံးလုံးညွှန်ချုပ်ကို နေရာချိန်းလိုက်တာ” လို့ ပြောပါတယ်။

ဒီလိုဖြစ်စဥ်တွေဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့မှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်က ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ရွှေ့ပြောင်းလိုက်ပါတယ်။

သူ့ရဲနေရာကို ကာကွယ်ရေးဝန်ကြီးဌာနက ဦးအောင်ဇော်လင်းကို အစားထိုးကာ ကာကွယ်ရေးဦးစီးချုပ်ရုံးက တိုက်ရိုက်အမိန့်ပေး ကွပ်ကဲတယ်လို့ စစ်ဘက်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“စသုံးလုံး အပြောင်းအလဲမှာ ဆီကုန်သည်တွေ ကြောက်ကြတယ်။ ကက(ကြည်း)ရုံးက တိုက်ရိုက်အမိန့်ပေးနေတော့ အကုန်ဖမ်းတာ။ တခုပဲ လာဘ်စားရင်တော့ ပြောင်းရမှာပဲ” လို့ ဆိုပါတယ်။

ဦးအောင်ဇော်လင်း ညွှန်ကြားရေးမှူးချုပ် ဖြစ်လာတဲ့ အချိန်မှာတော့ ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ လုပ်ငန်းရှင်တွေကနေ ပို့ကုန်သွင်းကုန် လုပ်ငန်းတွေအထိ စီးပွားရေးလုပ်ငန်းရှင်တွေကို စောင့်ကြည့် စစ်ဆေးတာတွေ လုပ်လာတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဗဟိုဘဏ်က ဒေါ်လာတွေကို ၂,၁၀၀ ဈေးနဲ့ထုတ်ပြီး ပြင်ပပေါက်ဈေး ပြန်ရောင်းနေတဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နောင်စိုး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေနဲ့ ညွှန်ကြားရေးမှူး ၅ ဦး၊ ဘဏ်အရာရှိ ၆ ဦး၊ ဆီကုန်သည် ၁၅ ဦးတို့ကို စက်တင်ဘာလ ၆ ရက်မှာ ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ကုန်ဈေးနှုန်းက စစ်တပ်နဲ့ ကုန်သည်တွေကပဲ ဈေးကစားနေတာ၊ ကြားထဲက ပြည်သူနဲ့ တပိုင်တနိုင် ရောင်းချသူတွေပဲ ခံနေရတာ၊ အခုတောင် ဖမ်းတာမဟုတ်ဘူး။ ခေါ်ယူစစ်ဆေးတာလို့ ပြောတယ်။ ကုန်သည်တချို့ ပြန်လွတ်လာပြီ” လို့ ရှင်းပြပါတယ်။

ဒီလို စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ်တွေ၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ ဆီကုန်သည်တွေ ဖမ်းဆီးနေပေမဲ့ ကုန်ဈေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ မြင့်တက်နေတာကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် ရှမ်းပြည်နယ် ခရီးစဥ်မှာ ဝိသမလောဘသားတွေကို စုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့ ထုတ်ဖော်ပြောဆိုရတဲ့အထိ ဖြစ်လာပါတယ်။

စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက စားအုန်းဆီစျေး ‌ေလျာ့ကျသွားအောင် လုပ်ပေမဲ့ စျေးနှုန်းမြင့်တက်နေတာကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအရာရှိများ အစည်းအဝေး ထပ်မံလုပ်ခဲ့တယ်လို့ ဆီကုန်သည်တဦးက ပြောပါတယ်။

“ပြောတာက စားအုန်းဆီကို ပြည်သူလက်ဝယ်ရောက်ဖို့ စျေးပိုရောင်းရင် ကုန်စည်ဥပဒေနဲ့ အရေးယူမယ်ပေါ့။ ရယ်ချင်တယ်၊ စစ်တပ်က သူတို့ရတဲ့ခွဲတမ်းကို တပိဿာ ၈,၀၀၀ နဲ့ ရောင်းနေတာ ဝန်ကြီးချုပ်က နှာစေးနေတယ်” လို့ ရှင်းပြပါတယ်။

လတ်တလောမှာ စားအုန်းဆီ လက်ကားရည်ညွှန်းစျေး ၄,၅၂၄ ကျပ်ဖြစ်ပြီး ပြည်သူအများစုမှာ စားအုန်းဆီ ၅၀ သား ရဖို့အတွက် နေ့စဥ် တန်းစီစောင့်ဆိုင်း ဝယ်ယူနေရပါတယ်။

“ဒီနေ့ ၂ ရပ်ကွက်မှာ ဆီတွေပေးနေတယ် ဒေါ်မြင့်ရေ။ သွားတန်းမစီဘူးလား” လို့ ကယ်ရီသမားတဦးက ပြောလာပါတယ်။

“အလကားနေ ဆီမရဘဲ ဓာတ်ပုံတော့ အရိုက်မခံနိုင်ဘူး။ ပေးတော့ပေးတယ် ဒုက္ခတွေ” လို့ ပြောပြီး ဒေါ်မြင့်တယောက် ကုန်စုံဆိုင်က ၈,၅၀၀ နဲ့ ဝယ်ထားတဲ့ ဆီဘူးကိုကိုင်ရင်း သူနေထိုင်ရာ လိုင်းခန်းဆီကို လျှောက်သွားပါတော့တယ်။

မြင့်မြတ်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013