
မြန်မာနိုင်ငံမှာ တရားမဝင် စီးပွားရေးကြောင့် အကြမ်းဖက်မှုတွေ ပိုမိုမြင့်မားလာပြီး အရပ်သားတွေ အဓိက ထိခိုက်ခံစားနေရတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စကယ်လီကာရီက ပြောတဲ့အကြောင်း အောက်တိုဘာ ၂၉ ရက်မှာ ကုလသမဂ္ဂက သတင်း ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ပိုမိုကြီးထွားလာနေတဲ့ တရားမဝင် စီးပွားရေးဟာ စစ်ပွဲရဲ့ နောက်ဆက်တွဲရလဒ် အပိုင်းအစတခုသာ မဟုတ်ဘဲ ပဋိပက္ခကို ပိုမိုတွန်းအားပေးနေတဲ့ အဓိက မောင်းနှင်အား ဖြစ်လာတယ်လို့လည်း အထူးအစီရင်ခံစာတင်သွင်းသူ မစ္စကယ်လီကာရီက သတိပေးထားပါတယ်။
စစ်ပွဲနဲ့ စီးပွားရေး စီမံခန့်ခွဲမှု အမှားတွေကြောင့် တရားဝင် စီးပွားရေးကဏ္ဍ မှေးမှိန်လာတာနဲ့ အမျှ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ၊ တရားမဝင် သတ္တုတူးဖော်ရေး၊ လူကုန်ကူးရေးနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေတာ အပါအဝင် ဒုစရိုက်လုပ်ငန်းတွေက အစားထိုး နေရာယူလာခဲ့တယ်လို့ ဆိုပါတယ်။
မှောင်ခိုဈေးကွက်မှ ရရှိတဲ့ အကျိုးအမြတ်တွေဟာ စစ်အာဏာရှင်တပ်ရဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ထံမှ လက်နက်ဝယ်ယူရေးနဲ့ စစ်အာဏာရှင်အတွင်း သစ္စာစောင့်သိမှုကို ထိန်းသိမ်းထားနိုင်ရေးအတွက် ငွေကြေး ထောက်ပံ့ပေးနေကြောင်း မစ္စ ကယ်လ်စ် ကာရီက ရှင်းပြပါတယ်။
မြန်မာနိုင်ငံရှိ ဒုစရိုက်လုပ်ငန်းအများစုရဲ့ အဓိက ဒေါက်တိုင်မှာ တရုတ်နယ်စပ်ဖြတ်ကျော် ဒုစရိုက် ကွန်ရက်တွေဖြစ်ပြီး သူတို့ဟာ လုပ်ငန်းတွေပိုမိုလွယ်ကူစေဖို့ Tether လို ခရစ်ပတိုငွေကြေးနဲ့ TikTok, Meta, X စတဲ့ လူမှုကွန်ရက်တွေကို အသုံးပြုနေတယ်လို့လည်း ဆိုပါတယ်။
တချိန်တည်းမှာပင် အိမ်နီးချင်းနိုင်ငံတွေရှိ လာဘ်ပေးလာဘ်ယူမှုတွေဟာ အခုလို နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးမှုတွေကို ပိုမို အားပေးရာရောက်နေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူက ဆက်လက် ပြောကြားပါတယ်။
အဆိုပါ ဒုစရိုက်ကွန်ရက်တွေကိုဖြိုခွင့်ရာမှာ အရပ်သားတွေကို ထိခိုက်မှုမရှိဘဲ လုပ်ဆောင်ဖို့ ခက်ခဲကြောင်း ဥပမာအားဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေထံ စတားလင့်ခ်အင်တာနက် လိုင်းတွေ ဖြတ်တောက်ဖို့ ကြိုးပမ်းမှုဟာ လူသားချင်းစာနာမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံ ပြည်သူတွေအတွက်ပါ အဓိက လိုအပ်တဲ့ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားစေခဲ့တယ်လို့ ထောက်ပြ ထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း ကျယ်ပြန့် တဲ့ လက်နက်ကိုင် တော်လှန်မှုတွေ စတင်ခဲ့ပြီးနောက် ပြည်တွင်းစစ်ပွဲတွေအတွင်း ကျရောက် ခဲ့ရပါတယ်။
အထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီကာရီ ရဲ့ အစီရင်ခံစာသစ်မှာတော့ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်အထိ စစ်အာဏာရှင်တပ်ရဲ့ လက်ချက်ကြောင့် အနည်းဆုံး အရပ်သား ၈,၃၈၄ ယောက် သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်ဘက်က ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ "ရက် ၁၀၀ ငြိမ်းချမ်းရေး စီမံကိန်း"စတင်ခဲ့ပေမဲ့ တိုင်းပြည်ရဲ့ အခြေအနေဟာ ပိုမိုဆိုးရွားလာခဲ့တာကိုသာ တွေ့ရှိရတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူက ဆိုပါတယ်။
စစ်တပ်ဟာ စာသင်ကျောင်းတွေ၊ ကျန်းမာရေးဌာနတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ ဈေးတွေနဲ့ စစ်ဘေးရှောင် စခန်းတွေ အပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား ဖျက်ဆီးဖို့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးတွေလို စစ်လက်နက်ပစ္စည်း တွေကို ဆက်လက် အသုံးပြုနေတယ်လို့ ကယ်လီကာရီက သတင်းထောက်တွေကို ပြောပါတယ်။
"ဒါတွေဟာ မှားယွင်းပြီး ဖြစ်သွားတာမဟုတ်ပါဘူး။ အရပ်သား ပြည်သူတွေကို ခြောက်လှန့်ဖို့နဲ့ လက်အောက်ခံ ဖြစ်လာအောင် အတင်းအကျပ် ဖိအားပေးဖို့ ရည်ရွယ်ချက်ရှိရှိ ထိခိုက်နစ်နာအောင် ပြုလုပ်နေတာဖြစ်ပါတယ်။”
အဆိုပါ ရက် ၁၀၀ ကာလအတွင်း အရပ်သား ၇၅၃ ယောက် သေဆုံးခဲ့ရပြီး အဆိုပါ အရပ်သား သေဆုံးမှုတွေရဲ့ ၈၉ ရာခိုင်နှုန်းဟာ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ဗျူဟာဟာ "ဖြတ်လေးဖြတ်" မူဝါဒမှာ အမြစ်တွယ်နေတာ ဖြစ်ပြီး စစ်အာဏာရှင်တပ်ကို တော်လှန်နေတဲ့ ဘယ်ဒေသကိုမဆို အစာအာဟာရ၊ အရင်းအမြစ်၊ လူသားချင်းစာနာမှု ဆိုင်ရာ လက်လှမ်းမီမှုနဲ့ အထောက်အပံ့ ကွန်ရက်တွေကို ဖြတ်တောက်တာလို့ အထူးအစီရင်ခံစာ တင်သွင်းသူက ထောက်ပြထားပါတယ်။
စစ်တပ်ဟာ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်တာ၊ သွားလာရေး ကန့်သတ်တာနဲ့ စစ်ဆေးရေး ဂိတ်တွေ ထားရှိတာနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေကို တမင်တကာ ဟန့်တားနှောင့်ယှက် နေပြီး စစ်ဘေးရှောင် ပြည်သူတွေထံ အစားအသောက်၊ ဆေးဝါး၊ စက်သုံးဆီနဲ့ တခြား လိုအပ်တဲ့ အကူအညီတွေ ပေးပို့မှုကို တားဆီးနေတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ကူညီရေး ဝန်ထမ်းတွေဟာလည်း ခြိမ်းခြောက်နှောင့်ယှက်ခံရတာ၊ မတရား ဖမ်းဆီး ထိန်းသိမ်းခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ သတ်ဖြတ်ခံရတာတွေကို ရင်ဆိုင်နေရတယ်လို့ ၂၀၂၆ ခုနှစ် ဇူလိုင်လက တနင်္ဿာရီတိုင်း၊ ထားဝယ်မြို့မှာ လူသားချင်းစာနာမှု ကူညီရေး ဝန်ထမ်း ၃ ယောက် ညှဉ်းပန်းနှိပ်စက်ခံရပြီး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ကို ထောက်ပြပြီး ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source: UN











