DVB Logo
Home
မြန်မာသတင်း
အုတ်ဖိုနှင့်သိမ်ဇရပ်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ စစ်သားနှင့်ရဲ၃ဦး လက်နက်ဖြင့်အလင်းဝင်
DVB
·
September 15, 2023
အုတ်ဖိုနှင့်သိမ်ဇရပ်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ စစ်သားနှင့်ရဲ၃ဦး လက်နက်ဖြင့်အလင်းဝင်
Donate to DVB

ပဲခူးတိုင်း အုတ်ဖို PDF စခန်းကုန်းကို တိုက်ခိုက်သိမ်းယူဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီကျော်လောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

အင်အား ၃၀ လောက်ပါ စစ်ကောင်စီစစ်ကြောင်း အုတ်ဖိုမြို့နယ် ကိုင်းချိုကြီးရွာအနီး မိုင်းကွင်းအတွင်း ၀င်လာစဉ်မှာ ပဒေသာမိုင်း ၈ လုံးတွဲနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့  အုတ်ဖို မြေအောက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လက်နက်ကြီးတွေနဲ့ မိနစ် ၂၀ ခန့်အကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း၊ အဆိုပါတိုက်ပွဲမှာ PDF တွေဘက်က ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီတပ်ဘက်က အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

စက်တင်ဘာ ၁၀ ရက် မနက် ၈ နာရီကျော်လောက်ကလည်း ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းဆေးရုံကုန်းနဲ့ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူ-ဒူးပလာယာခရိုင်က တာဝန်ရှိသူတွေက ပြောပါတယ်။ 

ထိတွေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ဗိုလ် ၁ ဦး အပါအဝင် ၃ ဦး သေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိကာ စစ်သုံးကား ၁ စီး ပျက်စီးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဒေသခံ ၁ ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရကာ ပြည်သူ ၄၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်နယ်မြေရဲစခန်းအား  စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီလောက် ၄၀ မမ နဲ့  သွားရောက်ပစ်ခတ်ခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် တာဝန်ရှိသူတယောက်က ပြောပါတယ်။

ရဲစခန်း အရှေ့ဘက် ရာဘာတောထဲကို ၄၀ မမ ၃ လုံး၊ ရဲစခန်းအနောက်ဘက် ခြံစည်းရိုးအပြင်ဘက်ကို ၄ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။

ရဲစခန်းကို ၄၀ မမနဲ့ ပစ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေနေကိုတော့ မသိရသေးကြောင်း၊  ရဲစခန်းတိုက်ခိုက်ခံရအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  မိုးပေါ်သေနတ်ပစ်ဖောက် ခြိမ်းခြောက်တာကြောင့် စခန်းအနီးက သိမ်ဇရပ်ဈေးက ဈေးသည်တွေ ကြောက်လန့် ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်း သာယာဝတီခရိုင်  ဆောထိမြို့နယ် သံဆိပ်စခန်းကနေ ခလယ်လွီထူခရိုင် တပ်မဟာ (၃) ကို  လက်နက်အတူ CDM ပြုလုပ်လာတဲ့ စစ်ကောင်စီ တပ်သား ၂ ဦးအား ထောက်ပံ့ငွေ ကျပ်သိန်း ၄၀ စီ ကူညီထောက်ပံ့ခဲ့တယ်လို့ ကေအန်ယူဗဟိုပြန်ကြားရေးကနေ သိရပါတယ်။

စစ်ကောင်စီတပ် ခမရ ၃၅၀ မှ တပ်သား ၂ ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၃) ဆီကို စက်တင်ဘာ ၁၁ ရက် မနက် ၉ နာရီကျော်မှာ လက်နက်တွေနဲ့အတူ CDM ပြုလုပ်လာတာလို့ ဆိုပါတယ်။

CDM ပြုလုပ်လာတဲ့ တပ်သား ၂ ဦးကတော့‌ မောင်ဒဿ (၂၅) နှစ် ကိုယ်ပိုင်နံပါတ် (တတ-၁၂၆၇၂၅) နဲ့ မောင်ဖြိုးကိုကို (၂၁) နှစ် ကိုယ်ပိုင်နံပါတ် (တတ-၁၂၇၈၃၉) တို့ ဖြစ်ကြပြီး MA1တလက်၊ MA2 တလက်နဲ့ ကျည် (၂၃၇) တောင့်ပါ ယူဆောင်လာခဲ့ကြောင်း၊ သူတို့ ၂ ဦးကို ခလယ်လွီထူခရိုင်တာဝန်ရှိသူတွေက ကျပ်သိန်း ၄၀ စီ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်၊။

ဒါ့အပြင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့မရဲစခန်းမှ ရဲတပ်သားဇင်ထက်အောင်လည်း G4 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆန်တွေနဲ့အတူ CDM ပြုလုပ်လာတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကနဦး ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၃၀ ကျပ်အား ပေးအပ်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်းကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အမှန်တရားဘက်မှရပ်တည်ပြီး အချိန်မနှောင်းမီ CDM ပြုလုပ်ကြဖို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ က တိုက်တွန်းနှိုးဆော်အပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013