DVB Logo
Home
Lead Story
တော်လှန်ရေးထဲက သမိုင်းပေး တာဝန် (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
September 15, 2023
တော်လှန်ရေးထဲက သမိုင်းပေး တာဝန် (သူ့အတွေး သူ့အမြင် – Op-Ed)
Donate to DVB

“လူ့ဘဝမှာ ကျွန်ဖြစ်ပြီး အသက်ရှင်နေရတာထက် ပြည်သူလူထု လွတ်မြောက်ရေးအတွက် တော်လှန်ရေးလုပ်ပြီး သေရတာက မြတ်တယ်”လို့ ယုံကြည်လို့ ငါတို့ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြတာပါ။ ၁*

လူမျိုးတိုင်းဟာ အလိမ်မခံရဖို့ သမိုင်းကို စ လယ် ဆုံး သုံးပါးလုံး ရေရေရာရာသိဖို့ လိုအပ်ပါတယ်။ သမိုင်းကြောင့် အငြိုးအတေးထားဖို့ မသင့်ပါဘူး။ သမိုင်းဆိုတာ သင်ခန်းစာ ရယူနိုင်ရန်သာ ဖြစ်ပါတယ်။ ဒါမှသာ မှန်ကန်တဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်နိုင်မှာ ဖြစ်ပြီး ပြည်သူလူထုအတွက် အကျိုးရှိမှာဖြစ်ပါတယ်။ ၂*

ပင်လုံစာချုပ်ပါ ပင်လုံစိတ်ဓာတ်ရဲ့ အနှစ်သာရကလည်း ဒီသဘောပဲလို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။

“သီးခြားစီတည်ရှိသော တိုင်းရင်းသားနယ်မြေများ တပြိုင်တည်း လွတ်လပ်ရေးရယူကြရန် အပြန်အလှန် အသိအမှတ်ပြုမှုနှင့် အပြန်အလှန် လေးစားမှုတို့ကို အခြေခံ၍ အမျိုးသား တန်းတူရည်တူ ကိုင်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး” ပင် ဖြစ်သည်။ ၃*

ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ မျှော်မှန်းချက်ကလည်း အောက်ပါအတိုင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုသည် အမျိုးသားပြည်နယ်များ (National state) ဖြင့် ပါဝင်ဖွဲ့စည်းထားသော ပြည်ထောင်စု ဖြစ်ရမည်။

အမျိုးသားပြည်နယ်များ - ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နီ၊ ကရင်(ကော်သုလေ)၊ မွန်၊ ရခိုင်နှင့် ဗမာပြည်နယ်များဖြင့် ဖွဲ့စည်းသော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရမည်။

ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ချမှတ်ပြီး ဖဆပလအဖွဲ့ချုပ်က သဘောတူညီတဲ့ အနာဂတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာမှာ…

၁။ လွတ်လပ်သော နယ်မြေဖြစ်ရမည်။

(Independence State)

၂။ အချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ်ရမည်။

(Sovereignty)

၃။ ဒီမိုကရေစီ သမ္မတနိုင်ငံ ဖြစ်ရမည်။

(Republic)

၄။ ပြည်ထောင်စုနိုင်ငံ ဖြစ်ရမည်။

(Union state)

အထက်ပါ အကြောင်းအရာတွေကို ‌အသေအချာ စိစစ်ဝေဖန်ကြည့်ရင် ခေါင်းဆောင်ကြီးတွေ အပြီးမသတ်နိုင်ခဲ့တဲ့ တော်လှန်ရေး လုပ်ငန်းစဉ်တွေပါလားလို့ ကျွန်ုပ်တို့ သုံးသပ်မိမှာပါ။

အဲဒါဆိုရင် ကျွန်ုပ်တို့တော်လှန်ရေး ဘယ်တော့ပြီးမလဲ…လို့ မေးစရာရှိပါတယ်။

ကရင့်အမျိုးသားတော်လှန်ရေးရဲ့ သမိုင်းကြောင်း နောက်ခံကို ကျွန်ုပ်တို့ ချဥ်းကပ်ကြည့်ရအောင်ပါ။

ကရင့်အမျိုးသား တော်လှန်ရေးမှာ ရည်ရွယ်ချက် ၄ ချက် ရှိပါတယ်။

၁။ ကရင့်အမျိုးသားများ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးရရှိရန်။

၂။ တရားမျှတ၍ တိကျသည့် အကျယ်အဝန်းရှိသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ကရင်ပြည်နယ် ဖွဲ့စည်းတည်ဆောက်ရန်။

၃။ ဒီမိုကရေစီနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစု ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်။

၄။ ကရင်ပြည်နယ်နှင့်တကွ ပြည်ထောင်စုအတွင်းရှိ ကရင်လူမျိုး အပါအဝင် တိုင်းရင်းသားအားလုံး ဒီမိုကရေစီ အခွင့်အရေးကို အပြည့်အဝ ရယူခံစားနိုင်ရန်။ ၄*

အင်မတန်ရှင်းပါတယ်။ သူတို့ရဲ့ ကော်သုလေပြည် တနည်းအားဖြင့် ကော်သုလေ နိုင်ငံတော်အတွက် တော်လှန်ရေးလုပ်နေရတဲ့ ရည်ရွယ်ချက်တွေ ဖြစ်တယ်လို့ ကျွန်ုပ်တို့ ရိုးရိုးသားသား လက်ခံပေးလို့ရမှာပါ။

ကရင်အမျိုးသားတွေရဲ့ ကြွေးကြော်သံ ၄ ချက်ကိုလည်း ဒီအတိုင်းတွေ့ရပါတယ်။

၁။ ကရင်ပြည် ချက်ချင်းပေး

၂။ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ

၃။ လူမျိုးရေး အဓိကရုဏ်း အလိုမရှိ

၄။ ပြည်တွင်းစစ် အလိုမရှိ။

အဲဒီလို ရိုးရိုးရှင်းရှင်းနဲ့ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြတယ်။ ကျွန်ုပ်တို့ မသိခဲ့ကြဘူး။ အလိမ်ခံခဲ့ကြရတယ်။ ကျွန်ုပ်တို့ သွေးချင်းညီအစ်ကိုတွေကို အခုလို ဖိနှိပ်ချုပ်ချယ် သတ်ဖြတ်ခဲ့ကြတယ်။

သူတို့နှလုံးသားထဲက အာဇာနည်ခေါင်းဆောင်ဟာ စောဘဦးကြီးဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း မဟုတ်ဘူး။

သူတို့ရဲ့ ခေါင်းဆောင်ကြီးကလည်း အင်မတန် လေးစားကြည်ညိုစရာကောင်း၊ လိုက်နာချင်စရာကောင်းတဲ့ မူ ၄ ချက် ချမှတ်လမ်းညွှန်ပေးခဲ့ပါတယ်။

၁။ လက်နက်ချစကား မပြောရ။

၂။ ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည်။

၃။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်။

၄။ ပြီးပြည့်စုံသည့် ကရင်ပြည် အသိအမှတ်ပြုရမည်။

အင်မတန် ကြည်ညိုစရာကောင်းတဲ့ ခေါင်းဆောင်တွေရဲ့ လမ်းညွှန်ချက်တွေပါပဲ။

သီအိုရီတော်လှန်ရေးပေါ့။

သီအိုရီကို လက်တွေ့အကောင်အထည်ဖော်တဲ့ အခါမှာတော့… သမိုင်းပေးတာဝန်ကို ရိုးသားစွာ ကျေပွန်ကြဖို့တော့ လိုမယ်။

ပြည်သူ့အရေးတော်ပုံ မုချ အောင်မြင်ရမည်။

ကိုးကားချက်များ -

၁*စောဘဦး၊ ၂*စောမောင်ရွှေ၊ ၃*၄* ရေဆန် စာစောင်

ချစ်ခြင်းမေတ္တာနှင့် ဉာဏ်ပညာကို တန်ဖိုးထားပါ...

လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ပြုပါ။

ချစ်မင်းနွဲ့ကြည် (သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013