DVB Logo
Home
မြန်မာသတင်း
နေပြည်တော်၌ ကျင်းပသည့် အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံကို   ၄ နိုင်ငံ မတက် 
DVB
·
September 15, 2023
နေပြည်တော်၌ ကျင်းပသည့် အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံကို   ၄ နိုင်ငံ မတက် 
Donate to DVB

နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံကို အာဆီယံအဖွဲ့ဝင် နိုင်ငံ ၄ နိုင်ငံက လေတပ်ဦးစီးချုပ်တွေ  မတက်ရောက်ကြပဲ  မြန်မာအပါအဝင်  ၆ နိုင်ငံက လေတပ်အကြီးအကဲတွေပဲ တက်ရောက်ခဲ့ကြပါတယ်။

စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပတဲ့   အကြိမ် ၂၀ မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ (20th AACC)   ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ ဘရူနိုင်း နိုင်ငံတွေက လေတပ်အကြီးအကဲတွေ တက်ရောက်ခဲ့တာပါ။ 

အာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ ဒီအစည်းဝေးကို တက်ရောက်မှာမဟုတ် ကြောင်း မလေးရှား၊ အင်ဒိုနီးရှားကြေညာထားတဲ့အတိုင်း လေတပ်ဦးစီးချုပ်တွေက မတက်ရောက်ခဲ့ ကြသလို  ဖိလစ်ပိုင်နဲ့ စင်ကာပူ လေတပ်ဦးစီးချုပ်တွေကလည်း အစည်းအဝေး မတက်ဘဲ ဗီဒီယိုမိန့်ခွန်းသာ ပေးပို့ခဲ့ကြပါတယ်။  

မြန်မာမှာ အရပ်သားပြည်သူတွေကို လေကြောင်းကနေ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်နေတဲ့ လေတပ်က ဦးဆောင်ကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံကို  အာဆီယံနိုင်ငံတွေအနေနဲ့ မတက်ရောက်ဘဲ သပိတ်မှောက်ကြဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့   Justice For Myanmar တို့က အကြိမ်ကြိမ် တိုက်တွန်းခဲ့ပါသေးတယ်။

စစ်ကောင်စီ လေတပ်ဟာ   ပြီးခဲ့တဲ့နှစ်အတွင်း လေကြောင်းကနေ အကြိမ် ၃၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ 

မြန်မာ့အရေးအတွက် ၂၀၂၁ ခုနှစ် ဧပြီလမှာ ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အတိုင်း လိုက်နာ အကောင်အထည်ဖော်ခြင်းမရှိတဲ့ စစ်ကောင်စီကို အာဆီယံရဲ့ အဆင့်မြင့်အရာရှိများ ထိပ်သီးအစည်းဝေး တက်ရောက်ခွင့်မပေးတာ ၂ နှစ်ရှိပြီဖြစ်ပြီး ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကိုရပ်ပစ်ဖို့လည်း  အာဆီယံနိုင်ငံတွေက တောင်းဆိုနေတာ ဖြစ်ပါတယ်။ 

အခုကျင်းပတဲ့ ၂၀၂၃ အာဆီယံ လေတပ်ဦးစီးချုပ်များ အစည်းအဝေးဦးတည်ချက်က သဘာဝဝန်းကျင်ထိန်းသိမ်းရေး ရေရှည်တည်တံ့မှုရှိအောင် အာဆီယံလေတပ် တပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ကြောင်း မြန်မာလေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောပါတယ်၊

ညီလာခံတက်ရောက်လာတဲ့ ဘရူနိုင်း၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေက လေတပ် ဦးစီးချုပ်တွေကို မြန်မာ ဒုစစ်ခေါင်းဆောင် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မနေ့မနက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုဆောင်ရွက်တဲ့ အခြေနေနဲ့ ၊  အာဆီယံတပ်မတော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

Photo- MOI/DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013