DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်ဥက္ကဋ္ဌအပါအဝင် စစ်ကောင်စီ ဝန်ထမ်း ၄၀ ကျော်ကို အကြမ်းဖက်သမားများအဖြစ် NUG ကြေညာ
DVB
·
September 15, 2023
ဗဟိုဘဏ်ဥက္ကဋ္ဌအပါအဝင် စစ်ကောင်စီ ဝန်ထမ်း ၄၀ ကျော်ကို အကြမ်းဖက်သမားများအဖြစ် NUG ကြေညာ
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေအပါအဝင် ဝန်ထမ်း ၄၀ ကျော်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အညီ အကြမ်းဖက်သမားတွေအဖြစ်သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ခံထားရသူတွေထဲမှာ ဗဟိုဘဏ် ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးဇော်မြင့်နိုင်တဲ့ ဒေါက်တာလင်းအောင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်အောင်တို့အပြင် ညွှန်ကြားရေးမှူးချုပ်တွေ၊ ဒုညွှန်ကြားရေးမှူးချုပ်တွေ၊ ညွှန်ကြားရေးမှူးတွေ စုစုပေါင်း ၄၄ ဦးပါဝင်တာဖြစ်ပါတယ်။

NUG အစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆။ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂။ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးတော့ ခုလို ထုတ်ပြန်လိုက်တာဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အခန်း(၁၄) ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်း ခံရတဲ့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ကာ ဒီကနေ့အထိ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ထောင်သွင်းအကျဉ်းချတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ သတ်ဖြတ်တာ၊ လူမျိုးတုံးသတ်ဖြတ်တာ၊ ပြည်သူ့ဘဏ္ဍာငွေနဲ့ ဝယ်ယူထားတဲ့ လက်နက်ငယ်တွေ၊ လက်နက်ကြီးတွေ၊ စစ်မြေပြင်သုံးတိုက်လေယာဉ်တွေ အသုံးပြုကာ စာသင်ကျောင်းတွေ၊၊ ကျေးရွာတွေ၊ ကလေးသူငယ်တွေ၊ အရပ်သားလူ စုလူဝေးတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာတွေ အစရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေတဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုတွေကို အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီး ဆက်လက်ပြီးတော့လည်း ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

NUG အစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနဲ့  နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ)  တို့ရဲ့ စာရင်းဇယားတွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာ ၈ ရက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီနဲ့ သူတို့ရဲ့ အမိန့်နာခံသူတွေရဲ့ လက်ချက်ကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ အရပ်သားပြည်သူ ၄,၀၅၆ ယောက် အသက်ဆုံးရှုံးခဲ့ပြီး ၂၄,၇၄၀ယောက် အဖမ်းဆီး ခံခဲ့ရကာ အဲဒီထဲက ၁၉,၄၄၇ ယောက်ကတော့ ထောင်သွင်း အကျဉ်းချခံရ ဆဲဖြစ်ပြီးတော့ ၇,၂၉၉ ယောက်ကတော့ မတရား ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အဆိုပါ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နိုင်ရေးအတွက် ဘဏ္ဍာငွေအထောက်အပံ့၊ ငွေကြေးစီးဆင်းမှု၊ နိုင်ငံခြား တိုင်းပြည်တွေက လေယာဉ်ဆီအပါအဝင် လူအများအပြားသေကျေပျက်စီးနိုင်တဲ့ လက်နက်တွေ ဝယ်ယူတာ အစရှိတာတွေမှာ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ဝန်ထမ်းတွေက အဓိက ကြံရာပါတွေအဖြစ် ပါဝင်နေကြတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌက စတင်ကာ အောက်အဆင့်ဆင့် ဝန်ထမ်းကြီး၊ အလတ်၊ အငယ်တွေက ကျင့်ဝတ်နဲ့ ဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားတွေနဲ့ သွေဖည်ပြီး မလျော်ဩဇာသုံးကာ ကျူးလွန်နေတာကြောင့် ပြည်သူလူထုအပေါ် ကြီးမားပြင်းထန်တဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဆိုးကျိုးတွေထဲမှာတော့ ဗဟိုဘဏ်တခုအနေနဲ့ နိုင်ငံရဲ့အခြေအနေနဲ့ ကိုက်ညီပြီး ပြည်တွင်း ဈေးနှုန်းတည်ငြိမ်ရေးကို ရရှိစေမယ့် ငွေကြေးမူဝါဒကိုချမှတ် အကောင်အထည်ဖော်မှု မရှိတာ၊ အဲဒီအစား ပြည်တွင်းသုံးငွေကြေး (မြန်မာကျပ်)ကို အမြောက်အမြား ရိုက်ထုတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုအတွက် အဓိကငွေကြေးထောက် တိုင်တွေအဖြစ် ဆောင်ရွက်ခဲ့တာ၊ အဲဒီ အကျိုးဆက်အဖြစ် အဆမတန် ငွေကြေးဖောင်း ပွမှုကြောင့် ပြည်သူတွေ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ခံစားကြရတာ၊ မိမိကိုင်တွယ် ကျင့်သုံးရမယ့် ဥပဒေတွေကို ဥပက္ခာပြုပြီးတော့ နိုင်ငံခြားငွေကြေး ဈေးကွက်ကို အကြမ်းဖက်စစ်ကောင်စီအလိုကျ ချယ်လှယ်၊ ဆောင်ရွက်ခွင့်ပြုတာကြောင့် နိုင်ငံခြား ငွေလဲလှယ်နှုန်း    မတည်မငြိမ်ဖြစ်ပြီး မြန်မာကျပ်ငွေတန်ဖိုးအဆမတန် ကျဆင်းတာ၊ နောက်ဆက်တွဲအနေနဲ့ အခြေခံလူသုံးကုန်၊ ဆေးဝါး အပါအဝင် လူသုံးကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်လာတာတွေလည်း ပါဝင်နေတာပါ။

ဒါ့အပြင် ဗဟိုဘဏ်တခုအနေနဲ့ ပြည်သူ့ကိုယ်စား စီမံခန့်ခွဲရမယ့် နိုင်ငံရဲ့ နိုင်ငံခြားသုံး သီးသန့်ငွေတွေကို အကြမ်းဖက်စစ်ကောင်စီအတွက် နိုင်ငံခြားတိုင်းပြည်တွေက လေ ယာဉ်ဆီအပါအဝင် လူအများအပြား သေကျေပျက်စီးနိုင်တဲ့ လက်နက်တွေ ဝယ်ယူရာမှာ အသုံးပြုတာ၊ ပြည်သူပိုင်ငွေကိုတလွဲ အသုံးပြုတာတွေလည်း ပါဝင်နေတယ်လို့ ထုတ် ပြန်ထားပါတယ်။

လက်ရှိ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဒေါ်သန်းသန်းဆွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခု နှစ်၊ ဧပြီလတုန်းက ရန်ကုန်မြို့က သူရဲ့ နေအိမ်မှာ ပစ်ခတ်ခံခဲ့ရဖူးပါတယ်။

ဒေါ်သန်းသန်းဆွေဟာ ရွှေ၊ ဒေါ်လာကြီးကြပ်ရေးအဖွဲ့မှာ ဦးဆောင်သူယောက် ဖြစ်သလို မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းဆိုင်ရာမှာလည်း အတွေ့အကြုံရင့်တဲ့ အရာရှိတယောက်လည်း ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ မဟာမိတ်မြေအောက်တော်လှန်ရေးအင်အားစုတွေနဲ့ စု ပေါင်းဖွဲ့စည်းထားတဲ့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာ ၇ ရက်ကနေ ၂၀၂၂ ဧပြီ ၇ ရက်နေ့အထိ ၇ လအတွင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အပါအဝင် စစ်ကောင်စီရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ပစ်မှတ်ပေါင်း ၁,၁၂၈ ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဟာ စစ်ကောင်စီအာဏာတည်မြဲရေးမှာ ကြီးမားတဲ့ အထောက်အပံ့ဖြစ်နေတာကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ စစ်ဆင်ရေးမှာပါဝင်တဲ့ တော်လှန်ရေးအဖွဲ့ တွေက ပြောပါတယ်။

သူတို့ရဲ့စစ်ဆင်ရေးကို ပျံလွှားအောင် စစ်ဆင်ရေးလို့ အမည်ပေးထားပြီး သူတို့ရဲ့ လက်ချက်ကြောင့် ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွား ရေးကဏ္ဍတွေက လူ ၂၅၀ ကျော် သေဆုံးပြီးတော့ ၃၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ တယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Photo-Central Bank of Myanmar

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013