DVB Logo
Home
နိုင်ငံတကာ
မော်ရိုကိုငလျင်ကြောင့် သေဆုံးသူ ၃,၀၀၀ နီးပါးထိ မြင့်တက်
DVB
·
September 14, 2023
မော်ရိုကိုငလျင်ကြောင့် သေဆုံးသူ ၃,၀၀၀ နီးပါးထိ မြင့်တက်
Donate to DVB

မော်ရိုကိုနိုင်ငံ အနောက်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ သောကြာနေ့ညက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၀ အဆင့်ရှိ ငလျင်ကြောင့် စက်တင်ဘာ ၁၃ ရက် ဗုဒ္ဓဟူးနေ့ ည ၇ နာရီအချိန်ထိ သေဆုံးသူဦးရေ ၂,၉၄၆ ဦးအထိ မြင့်တက်လာခဲ့ပြီး ၅,၆၇၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြို့တော် ရာဘတ်နဲ့ ကာဆာဘလန်ကာ အပါအဝင် မော်ရိုကိုနိုင်ငံတဝန်းရှိ မြို့အများအပြားမှာ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပါတယ်။

တဲရိုဒန့်ထ်နဲ့ မာရာကက်ရှ်မြို့တွေမှာ နေအိမ်အများအပြား ပြိုကျခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။ ငလျင်ဗဟိုချက်နဲ့ အနီးဆုံးမြို့ကြီးဖြစ်တဲ့ မာရာကက်ရှ် မြို့ဟောင်းရှိ အဆောက်အအုံများစွာလည်း ပျက်စီးခဲ့ပါတယ်။

မော်ရိုကိုဘုရင် စတုတ္ထမြောက် မိုဟာမက်ဟာ အရေးပေါ် ပြန်လည်တည်ဆောက်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းစေပြီး အသက်ရှင်ကျန်ရစ်သူတွေကို အကူအညီနဲ့ အမိုးအကာတွေ ပေးအပ်ဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။

မော်ရိုကိုနိုင်ငံဟာ တရုတ်၊ စပိန်၊ ဗြိတိန်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နဲ့ ကာတာတို့မှ အကူအညီတွေ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး တခြားနိုင်ငံတွေက အကူအညီ ကမ်းလှမ်းမှုတွေကိုလည်း အတည်ပြုချက် စောင့်ဆိုင်းနေပါတယ်။

နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ဟာ မော်ရိုကိုရှိ ငလျင်ဘေးသင့် ဒုက္ခသည်တွေကို ထောက်ပံ့ဖို့အတွက် ဆွစ်ဖရန့်ငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၁၂ သန်း) ကို အရေးပေါ် အယူခံဝင်ခဲ့ပါတယ်။

အခုချိန်မှာ အရေးအကြီးဆုံး လိုအပ်ချက်က ရေ၊ သန့်ရှင်းရေးနဲ့ အမိုးအကာတို့ဖြစ်ကြောင်း IFRC ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းလည်ပတ်ရေး ဒါရိုက်တာ ကယ်ရိုလင်းန် ဟို့လ်ထ်က ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လက်ရှိငလျင်ဟာ မော်ရိုကိုမှာ နှစ်ပေါင်း ၆၀ ကျော်အတွင်း လူအသေအပျောက်အများဆုံး ငလျင် ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013