DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်က ရေဘေးသင့် စစ်ဘေးရှောင်များ စားဝတ်နေရေး ကျန်းမာရေး အခက်ကြုံ
DVB
·
September 14, 2023
ခင်ဦးမြို့နယ်က ရေဘေးသင့် စစ်ဘေးရှောင်များ စားဝတ်နေရေး ကျန်းမာရေး အခက်ကြုံ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်က ကျေးရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေနစ်မြုပ်နေတဲ့အတွက်  စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ ဩဂုတ်လကုန်ပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် စက်တင်ဘာလ ၁၀ ရက်က စပြီး ခင်ဦးမြို့နယ်က ကျေးရွာတွေဖြစ်တဲ့ အိုင်ပေါက်ကြီး၊ ကံသာယာ၊ ရွာသစ်ကုန်း၊ ရွာသစ်စတဲ့ ကျေးရွာ ၄ ရွာမှာ ရေနစ်မြုပ်နေပြီး ကျန်ကျေးရွာတွေမှာလည်း မူးမြစ်ရေ မြင့်တတ်တာကြောင့် ရေကြီးရေလျှံမှုတွေ ကြုံနေရပါတယ်။

ခင်ဦး ကူညီထောက်ပံ့ရေးအဖွဲ့ (KSO)မှ ဗိုလ်လင်းရောင်က “ မိုးရွာတာက ကြာပြီ။ ဟိုဘက်လကတည်းက ရွာတာ။ ဒီလ ၂ ရက်နေ့က ရေတက်ဆို မိုးရွာတာ ရက် ၂၀ လောက် ရှိပြီ။ ရေကြီးရေလျှံက နေရာတိုင်းတော့ မဟုတ်ဘူး။ ဖြစ်တဲ့နေရာ ဖြစ်တယ်။ ဒီနေ့ဆို ခင်ဦးမြို့နယ်ထဲက ကျေးရွာမှာ ရေကြီးတယ်။ ရေတွေဘာတွေ နစ်မြှုပ်နေတယ်။ ရေတွေ လျှံတယ်။ လမ်းတွေ ကျော်တယ်။ ပင်တင်းကန်လည်း ကျိုးကြတယ်။ ရေကြီးတဲ့နေရာတွေ ရောက်တော့ စစ်ဘေးမရှောင်ရတဲ့ ရွာတွေက ထမင်းထုပ်တွေဘာတွေ လာပို့ပေးတယ်”လို့ ပြောပါတယ်။

ခင်ဦးမြို့နယ်ဟာ အာဏာသိမ်းမှု အစောပိုင်းကာလကတည်းက ကျေးရွာတွေ မီးရှို့ခဲ့ခံရတဲ့အတွက် အမြဲတမ်း စစ်ဘေးရှောင် အရေအတွက် ၅၀၀၀ ကျော် ရှိနေပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှု စစ်ကြောင်း ထိုးတိုက်ခိုက်မှုတွေကြောင့် နေရပ်မပြန်နိုင်တဲ့ မီးဘေးသင့် စစ်ရှောင်ပြည်သူတွေဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့ အဆောက်အဦတွေမှာ စုပေါင်း နေထိုင်နေကြရတာပါ။

ကျေးရွာအုပ်စု ၆၄ စု၊ ကျေးရွာပေါင်း ၁၄၇ ရွာရှိတဲ့ ခင်ဦးမြို့နယ်ဟာ ကျေးရွာ ၇၉ ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အတွက် မြို့နယ်ရဲ့ တဝက်ကျော်ဟာ မီးလောင်ပြင်ဖြစ်ခဲ့ရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။

ခင်ဦး ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ NUG က ခန့်ထားတဲ့ လူသားစာနာထောက်ထားရေး ဝန်ကြီးဌာနက ထောက်ပံ့မှုတွေတော့ ရတယ်။ ဒါပေမဲ့ လစဉ်ပုံစံမျိုး မရှိဘူး။ ဒီရက်ပိုင်းအတွင်း ကျနော်တို့ဘက်တွေမှာလည်း မိုးတွေလည်း ရွာတော့ ရေကြီးရေလျှံမှုတွေဖြစ်ပြီး လုပ်ငန်းလည်း မလုပ်ကိုင်ရဘူး။ ပြောချင်တာက ထိုင်စားနေရတဲ့ပုံစံမျိုးပေါ့၊ အဲ့လို အနေအထားမျိုးမှာတော့ နေ့စဥ◌် ဝင်ငွေပုံမှန် မရှိတဲ့ စစ်ရှောင် စစ်ဘေးသင့်တွေအတွက်က အခက်အခဲ ဖြစ်တာပေါ့။ ခက်ခဲမှုတွေက ဒီတပတ်တွင်းဖြစ်နေတာပေါ့၊ လမ်းကြောင်းတွေလည်း ရပ်ပြီး ကုန်ဈေးနှုန်းတွေ ကျပ်တဲ့ အနေအထားဖြစ်နေတာပေါ့”လို့ ပြောပါတယ်။

ရေကြီးလို့ လမ်းတံတားတချို့လည်း ပျက်စီးခဲ့ပြီး ကုန်စီးဆင်းမှု နှောင့်နှေးနေတဲ့အတွက် ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တတ်နေတယ်လို့ စစ်ရှောင်ကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

မိုးအဆက်မပြတ် ရွာနေတဲ့အတွက် စစ်ရှောင်တွေဟာ သွားရေးလာရေး ခက်ခဲနေပြီး ရာသီတုပ်ကွေး ရောဂါလည်း ဖြစ်ပွားနေတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

ဗိုလ်လင်းရောင်က “မိုးတွင်းကာလဆိုတော့ မိုးက အဆက်မပြတ်ရွာနေတာကိုး။ အခုလည်း မိုးရွာနေတာ ရက် ၂၀ လောက် ရှိသွားပြီ။ နိစ္စဓူဝဆိုတော့ စစ်ရှောင်တွေက နှာစေးချောင်းဆိုး တော်တော်များများ ဖြစ်နေတယ်။ ဒီဘက်က စစ်ရှောင်ကကျတော့ ကျေးရွာမှာ တပ်စွဲထားတာ ရွာသစ်ကုန်း ကျေးရွာဆို အိမ်ခြေက ၂၅၀ လောက်ရှိတယ်။ စစ်ကောင်စီကို ထောက်ခံတဲ့ ပြည်သူက ၁၂၀ လောက်ဆိုတော့ ဟိုဘက်မှာ ပါလာတဲ့ ပြည်သူက ၁၃၀ လောက်ပေါ့။ စစ်ကောင်စီ ထောက်ခံသူတွေက စစ်ကောင်စီတပ်တွေ ခေါ်ပြီး ကျေးရွာမှာ တပ်စွဲလိုက်တော့ ပြည်သူ့ဘက်က ပါလာသူတွေက ထွက်ပြေးတိမ်းရှောင်နေရတာကိုး။ ကျေးရွာမှာလည်း မနေရ ဒီဘက်ဒေသတွေလည်း လယ်မလုပ်ရတော့ စားနပ်ရိက္ခာတွေ အခက်တွေ့နေတယ်ပေါ့” လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ကျေးရွာတွေ ရေနစ်မြုပ်နေတဲ့အတွက် စားရေးသောက်ရေး အခက်အခဲ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၂ ရွာကျော်မှ လယ်ဧက ၁၀၀၀ ဝန်းကျင် ရေလွှမ်းမိုး ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013