ထိုင်းနိုင်ငံ၊ ဆာရာဘူရီခရိုင်မှာ အသက် ၃၇ နှစ်အရွယ် မြန်မာအမျိုးသမီးတယောက်ဟာ အသက်မပြည့်သေးတဲ့ သူ့ရဲ့ သမီးအရင်းကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုခဲ့တယ်လို့ The Thaiger ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ မိန်းကလေးရဲ့ ဖခင်ဖြစ်သူနဲ့ အတန်းပိုင်ဆရာမက ဘန်မိုရဲစခန်းကို လာရောက်တိုင်တန်းခဲ့တာကြောင့် ရဲတပ်ဖွဲ့က မိန်းကလေးရဲ့ မိခင်ဖြစ်တဲ့ မြန်မာအမျိုးသမီး မမော်ကို ဖမ်းဆီးလိုက်တာလို့ဆိုပါတယ်။
အတန်းပိုင်ဆရာမဟာ ကလေးအတန်းမတက်တာကြောင့် သွားရောက်စုံစမ်းရာ သူ့ဖခင်ဖြစ်တဲ့ ထိုင်းနိုင်ငံသားဟာ သူ့မိန်းမဖြစ်တဲ့ မြန်မာအမျိုးသမီး မမော်နဲ့ လက်ရှိကွဲနေကာ မိန်းကလေးငယ်က သူ့အမေနဲ့ ကျန်ခဲ့တာကို သိရှိခဲ့တာဖြစ်ပါတယ်။
ဖခင်နဲ့ ဆရာမတို့က လိုက်စုံစမ်းရာ မိန်းကလေးငယ်က သူငယ်ချင်းတစ်ယောက်ရဲ့ နေအိမ်အောက် ပုန်းအောင်းနေတာတွေ့ရှိခဲ့ပြီး မေးကြည့်ရာမှာ ပြည့်တန်ဆာ မလုပ်ချင်တာကြောင့် နေအိမ်ကနေ ထွက်ပြေးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ဆက်လက်ပြီး သူ့နဲ့နောက်ဆုံးဖောက်သည်ဖြစ်ခဲ့တဲ့သူက သူ့ကိုချစ်ခင်ပြီး ခေါ်သွားဖို့လုပ်နေခဲ့တာကြောင့် ကြောက်လန့်ပြီး ပုန်းအောင်းနေတယ်လို့ မိန်းကလေးက ပြောတာကြောင့် အဖေဖြစ်သူနဲ့ ဆရာမတို့က မမော်နဲ့ သွားတွေ့ဆုံခဲ့ပါတယ်။
ဒီအခါမှာ မမော်က သူ့သမီးကို ကူညီပေးနေသူတွေကို တရားစွဲမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာကြောင့် ဖခင်ဖြစ်သူနဲ့ ဆရာမက ရဲစခန်းမှာ သွားရောက်တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဝန်ထမ်းတွေနဲ့ ဆာရာဘူရီကလေးများ စောင့်ရှောက်ရေးအဖွဲ့တို့က ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရတဲ့ မိန်းကလေးကို မေးမြန်းကြည့်ရာ သူရဲ့ မိခင်ဖြစ်တဲ့ မမော်က သူ့အသက် ၁၃ နှစ်ကျော်အချိန် ၂၀၂၂ ခုနှစ် အစပိုင်းမှာ သူအလုပ်လုပ်နေတဲ့ အပန်းဖြေစခန်းတခုမှာ ပြည့်တန်ဆာအဖြစ် အတင်းအကျပ် လုပ်ခိုင်းစေခဲ့တယ်လို့ ပြောပါတယ်။
သူအလုပ်လုပ်တဲ့နေရာမှာ အသက်မပြည့်သေးတဲ့ တခြားကလေးငယ်တွေလည်း ရှိနေပြီး အဲဒီနေရာကို ထိုင်းအမျိုးသား နိုင်ငံရေးသမားတဦးနဲ့ ဆာရာဘူရီကျောင်းတကျောင်းမှ အမှုဆောင်တဦးလည်း အမြဲလာရောက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့က ဆက်လက်ပြီး မမော်ကို စစ်ဆေးမေးမြန်းခဲ့ရာ သူ အလုပ်လုပ်တဲ့ အပန်းဖြေစခန်းမှာ လိင်ဆက်ဆံမှု တကြိမ်လျှင် ဘတ် ၁၅၀၀ ကနေ ၂၀၀၀ နှုန်းနဲ့ သူ့သမီးအပါအဝင် တခြားမိန်းကလေးငယ်တွေကို ခေါ်ဖူးခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့က မမော်ကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု၊ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် ဆွဲဆောင်မှုနဲ့ ပြည့်တန်ဆာရှာပေးမှုတို့နဲ့ စွဲချက်တင်ထားပြီး အပန်းဖြေစခန်းနဲ့ ဖောက်သည်တွေကိုလည်း တရားစွဲဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
Source - The Thaiger