
အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို ဦးတည်ပြီး ဒုံးကျည်တွေ၊ ဒရုန်းတွေ ပစ်လွှတ်နေတာလို့ ဆိုထားတဲ့ ဗီဒီယိုတွေကို အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားက ဇူလိုင် ၂၁ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
ဒါပေမဲ့ ဗီဒီယိုတွေကို ရိုက်ကူးခဲ့တဲ့ ရက်စွဲနဲ့ နေရာတွေကို ရိုက်တာစ်သတင်းဌာနအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ လက်နက်အမျိုးအစားတွေနဲ့ ပစ်မှတ်တွေကိုလည်း အတည်မပြုနိုင်သေး သလို အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားက စာတန်းထိုးတွေကို ပေးထားပါတယ်။ ဇူလိုင် ၂၁ ရက် မတိုင်ခင်က အွန်လိုင်းမှာ တင်ထားတဲ့ ဗားရှင်းဟောင်းတွေကို မတွေ့ရပါဘူး။
အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ကတော့ အီရန်အပေါ် နောက်ဆုံးအကြိမ် တိုက်ခိုက်မှု တွေ ပြီးစီးသွားပြီလို့ ပြောကြားခဲ့ပြီး အီရန်စစ်ဘက် ကွပ်ကဲရေးဌာနတွေ၊ ရေကြောင်းစွမ်းရည်တွေ၊ ဒုံးကျည်နဲ့ ဒရုန်းလွှတ်တင်ရေးနေရာတွေနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
အီရန်ကလည်း ပင်လယ်ကွေ့ဒေသတလွှားမှာာ တိုက်ခိုက်မှုတွေ ပြန်လည်စတင်ခဲ့ပြီး လတ်တလော ဆားငန်ရေသန့်စင်တဲ့ ရေချိုထုတ်စက်ရုံတွေကို တိုက်ခိုက်ခဲ့မှုကြောင့် ရေရှားပါးမှုနဲ့ သောက်သုံးရေ ပြတ်လပ်မှုဆိုင်ရာ စိုးရိမ်မှုတွေ မြင့်တက်လာပြီး အရပ်ဘက် အခြေခံအဆောက်အအုံတွေအတွက် ခြိမ်းခြောက်မှုတွေ တိုးပွားလာနေတာကို အလေးပေးဖော်ပြခဲ့ပါတယ်။
အီရန်စစ်တပ်က အင်္ဂါနေ့မှာ ကူဝိတ်နိုင်ငံရှိ အမေရိကန် စစ်စခန်း ၃ ခုကို ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ကလည်း ဂျော်ဒန်မှာရှိတဲ့ အမေရိကန်စစ်စခန်းတခုကို တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး ဂျော်ဒန်ဘက်ကတော့ သူတို့ တပ်ဖွဲ့ တွေဟာ အီရန် ဒရုန်း ၅ စင်းကို ကြားဖြတ်ဟန့်တား ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Source:Reuters










