
အမေရိကန်ရဲ့ စီးပွားရေးဖိအားတွေကို တုံ့ပြန်ဖို့ ပင်လယ်ကွေ့မှာ သင်္ဘောဝင်ခွင့် တားမြစ်ဇုန်သစ် သတ်မှတ်မယ်လို့ အီရန်က စက်တင်ဘာ ၈ ရက်မှာ ကြေညာလိုက်ပါတယ်။
အမေရိကန်ကို “စီးပွားရေးစစ်ပွဲ” ဆင်နွှဲမယ်လို့ ခြိမ်းခြောက်ထားသလို အမေရိကန် စစ်သင်္ဘောတွေကိုလည်း အဆင့်မြင့်ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း အီရန်က ပြောပါတယ်။
“အီရန်ရဲ့ ဒုံးကျည်သစ်တွေက ဝါရှင်တန်ကို ရှင်းရှင်းလင်းလင်း သတိပေးခဲ့ပြီးပါပြီ” လို့ အီရန် အမျိုးသားလုံခြုံရေး ဥသျှောင်ကောင်စီ အတွင်းရေးမှူး မိုဆန် ရေဇာအီက ပြောပါတယ်။
ဇုန်သစ်ဟာ အမေရိကန်ရဲ့ ရေကြောင်းပိတ်ဆို့မှု နယ်နိမိတ်ကနေ ပင်လယ်ကွေ့ဒေသ တချို့အထိ ကျယ်ပြန့်မှာဖြစ်ပြီး ဝင်လာတဲ့သင်္ဘောတွေကို အီရန်ရဲ့ အရေးယူပိတ်ဆို့မှုစာရင်းထဲ ထည့်မယ်လို့ ရေဇာအီက ဆိုပါတယ်။
ဇုန်သစ်အသေးစိတ်နဲ့ ဟော်မုဇ်ရေလက်ကြားက သင်္ဘောလမ်းကြောင်းသစ် မြေပုံတွေကို မကြာခင် ထုတ်ပြန်မယ် ဆိုပေမဲ့ ရက်အတိအကျ မသိရသေးပါဘူး။
ဟော်မုဇ်ရေလက်ကြားအနီးက အမေရိကန်စစ်သင်္ဘောတွေကို အဆင့်မြှင့်ထားတဲ့ ကာဆမ် ဘာဆီယာ ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၆ ရက်မှာ ဖော်ပြပါတယ်။
အမေရိကန်စစ်တပ်ကတော့ စစ်သင်္ဘောတွေဟာ ဒုံးကျည်တိုက်ခိုက်မှုတွေကို ရှောင်လွှဲနိုင်ခဲ့ပြီး တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့တွေကလည်း စက်တင်ဘာ ၅ ရက်မှာ အီရန်ရေနံတင်သင်္ဘော သုံးစီးကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ပြီးခဲ့တဲ့ ၁၀ ရက်မှာ တနေ့ ပျမ်းမျှ ကုန်စည်တင်သင်္ဘော ၁၀ စီးသာ ဖြတ်သန်းခဲ့ပြီး မေလနောက်ပိုင်း အနည်းဆုံးဖြစ်နေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ အီရန်စစ်ပွဲကို အနိုင်ရရင် ရေနံဈေးတွေ ထိုးကျသွားမယ်လို့ ပြောပါတယ်။











