DVB Logo
Home
Lead Story
စက်ခလုတ် ကြင်စိုး (သရော်စာ)
DVB
·
September 14, 2023
စက်ခလုတ် ကြင်စိုး (သရော်စာ)
Donate to DVB

ရေနွေးကြမ်းဝိုင်းမှာ စီးပွားရေးအကြောင်းတွေ၊ လူမှုရေးအကြောင်းတွေ ပြောကြရင်း နောက်ဆုံးမတော့ ကြင်စိုး သာဝ မအလဆီမှာသာ ဂိတ်ဆုံးကြတာ အမြဲပါပဲ။ ကြင်စိုးဟာ ‘နောက်ဆုံးဘူတာ’ ကို ရောက်တော့မယ်လို့ အဘစောမူးသာက ပြောပါတယ် ခင်ဗျ။

“ကြင်စိုးဟာ ‘ဂိတ်ဆုံးဘူတာ’ ကို ဆိုက်ရောက်တော့မယ့်အချိန် အလွန့်အလွန်ကို နီးကပ်နေပါပြီဗျား”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

အဘစောမူးသာ အပြောမှာ စစ်ပြန်ကြီး အဘလုံးတုံးရယ် အဘရစ်ချတ်ရယ် ဖေကြီးရယ် ရုတ်တရက်ကြီး ထပြီး ရယ်ချလိုက်မိကြပါတယ်။ စိမ်းသရဖူစိမ်း ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘစိမ်းမောင်ကား ပြုံးမဲ့မဲ့ မအီမလယ် မျက်နှာကြီးနှင့်။

“မင်းကော ဘယ်လိုထင်လဲ စိမ်းမောင်”

“အဲ . . . ဘာကိုပြောတာလဲ မူးသာ”

“မင်းတို့ကိုးကွယ်နေတဲ့ မင်းတို့ချီးမွမ်းနေတဲ့ ဆရာကြီးကြင်စိုးရဲ့ အခြေအနေကို ပြောတာလေကွာ”

အဘစိမ်းမောင်မှာ ပြောမနာဆိုမနာ ငယ်ပေါင်းတွေအကြား ခွကျလို့နေပါ၏။ ဒါပေမဲ့ သူ့ဆီမှာ တုံ့ပြန်ဖို့ စကားအကြောင်းအရာ အချက်အလက်တွေ ရှိနေပုံပါပဲ။

“ကြင်စိုးဟာ ချောင်ပိတ်မိနေပြီကွ စိမ်းမောင်ရ”

“အေး . . . မင်းတို့ကသာ ချောင်ပိတ်မိနေပြီတို့၊ လှုပ်မရတော့ဘူးတို့ ဘာတို့ ညာတို့ လျှောက်ပြောနေတာ။ နစကဥက္ကဋ္ဌကြီးကတော့ သူ့အလုပ်သူလုပ်ပြီး ရှေ့ဆက်သွားနေတာ အားလုံးအမြင်ပဲလေ”

“ဟားဟား ဟားဟား ဟားဟား . . . .”

အဘစိမ်းမောင် စကားအဆုံးမှာ ကျန်အရွှင်အဘတွေ ရယ်ချလိုက်ကြပြန်ပါ၏။ အဘစိမ်းမောင်ကား သူ့စကားကို မရရအောင် ဆက်ဖို့ ကြိုးစားမည့်ပုံပါလေ။

“ဒီမှာ မူးသာတို့ လုံးတုံးတို့ ရစ်ချတ်တို့ . . . ဗိုလ်ချုပ်မှူးကြီးဟာ အတော့်ကို ဇွဲကြီးတဲ့ပုဂ္ဂိုလ်ကွ”

“ဝါး ဟားဟား ဟားဟား ဟားဟား . . .”

သည်လိုဟားနေကြလဲ ဒီနေ့တော့ သူ့စကားကိုဆက်ကာ အနိုင်ပြောမည့်ပုံပါလေ။

“မင်းတို့အမြင်ပဲလေ . . . သူ့ကို တရုတ်နဲ့ ရုရှားကလွဲလို့ တကမ္ဘာလုံးက ပစ်ထားတယ်”

“ဟားဟားဟားဟား . . . ဒါတော့ မင်းလက်ခံသားပဲ စိမ်းမောင်ရဲ့”

“ဒါတင်မက အာဆီယံကကောင်တွေကလည်း ကိုယ့်အသင်းဝင်ကို မထောက်ခံဘဲ ဟိုပြော ဒီပြောနဲ့ . . . အလကားကောင်တွေ”

“ဟားဟား ဟားဟား ဟားဟား . . . . . .”

ကြင်စိုး သာဝ မအလဘက်မှာ မားမားမတ်မတ်ရပ်နေသူ အဘစိမ်းမောင် ပြောစကားတွေကို ဟားလို့သာနေပါလေ၏။ အဘစိမ်းမောင်ကလည်း တပြားမှမလျှော့ဘဲ ဆက်ပါလေ၏။

မအလဟာ ဘာသာ သာသနာကို ထွန်းကားအောင် လုပ်ပေးနေကြောင်း၊ တိုင်းပြည်နဲ့ လူထုအကျိုးကို သည့်ထက်သည် တိုးတက်အောင် လုပ်နေကြောင်း၊ အခုဆိုရင် ရွေးကောက်ပွဲ အသစ်အတွက် ဘယ်လိုတွေ ဘယ်ပုံတွေ စီမံဆောင်ရွက်ပေးနေကြောင်း အာဘောင်အာရင်း သန်သန်ဖြင့် ‘လွှတ်’ နေပါလေ၏။

“အဲဒါ ငါပြောတာပေါ့ဟ . . . မင်းတို့တွေကသာ ‘ကျရှုံးနေပြီ’ တို့ ဘာတို့ လုပ်နေတာ၊ သူက သူ့အလုပ်သူ ဆက်လုပ်နေတာကွ . . . ဟဲဟဲ ဟဲဟဲ ဟဲဟဲ”

“ဟားဟား ဟားဟား ဟားဟား ဟားဟား”

ဘယ်လိုပင် ဟားဟား အဘစိမ်းမောင်ကား သူ့စကားကိုသူ ရအောင် ဆက်ပါလေ၏။ အခုဆိုရင် မအလဟာ ‘စက်ခလုတ်နဲ့မဲပေးဖို့’ အတွက် အနှီ ‘စက်တွေ’ ကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ တီထွင်ပြီး ရုံးဌာတွေမှာ နမူနာအဖြစ် ‘စမ်းသပ်’ မဲပေးကြည့်နေကြပြီဖြစ်ကြောင်း ပြောပြန်ပါလေ၏။

“ဟေ . . . ဟုတ်လားဟ စိမ်းမောင်ရ”

“အေးလကွာ . . . မင်းတို့တွေ ‘မြဝတီ’ လေး ဘာလေး ကြည့်ကြမှပေါ့ကွ ဟ ဟ”

အဘစိမ်းမောင်က အရယ်လေးစွက်ကာ သူ့စကားသူ သဘောကျနေပါလေရာ ကျန်အဘတွေက အဓိပ္ပာယ်ပါပါ ပြုံးနေကြပါ၏။ အဘလုံးတုံးက မေးပါ၏။

“အေးကွ စိမ်းမောင်ရ . . . ကြင်စိုးက ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖျက်ပြီး တက်လာတယ်။ ပြီးတဲ့အခါ ၂၀၀၈ ထဲမှာမပါတဲ့ ‘PR စနစ်’ ဆိုတာနဲ့ ရွေးကောက်ပွဲလုပ်မယ် ပြောပြန်တယ်၊ အဲ ... အဲသည် ‘ပီအာ’ စနစ်နဲ့လည်း သူတို့ပါတီ ‘နိုင်ပွဲ’ မရမှာ စိုးရိမ်ပြီး အခုတခါ မင်းပြောတဲ့ ‘စက်ခလုတ်’ နှိပ်ပြီး မဲပေးကြရမယ်လို့ လုပ်ပြန်ရောပါလားဟ”

“ဘာပဲဖြစ်ဖြစ်ကွာ . . . ‘စက်ခလုတ်’ နဲ့ မဲပေးခြင်းအားဖြင့် ‘မဲမသမာမှု’ တွေ မဖြစ်နိုင်တော့ဘူး ဆိုတော့ ကောင်းတာပေါ့ကွ ဟ ဟ”

“အေး . . . ဒါနဲ့ နေပါအုံးဟ စိမ်းမောင်ရ . . . ‘စက်ခလုတ်’ နဲ့ မဲပေးတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ ဟကောင်ရ”

“အဲ . . . အင်း . . . အေး . . . လူပြိန်းနားလည်အောင် ပြောရရင်တော့ ‘စက်ခလုတ်’ ဆိုတာ ‘လျှပ်စစ်’ နဲ့ မဲပေးရတာမျိုးပေါ့ကွာ”

“‘လျှပ်စစ်’ နဲ့ . . . ဟုတ်လားဟ”

“ဟုတ်သပေါ့ကွာ . . . အရင်တုန်းကလို စာရွက်ပေါ်မှာ ဘောပင်နဲ့ခြစ်ရတာတို့၊ စာရွက်ပေါ်မှာ တံဆိပ်တုံးနဲ့ ထုရတာတို့တွေက ခေတ်နောက်ကျပြီး ‘မဲမသမာမှုတွေ’ ဖြစ်နိုင်တယ်လေ။ အခု ‘စက်ခလုတ်’ က လုံးဝမမှားတဲ့ မဲပေးနည်းတဲ့ကွ”

“ဟားဟား ဟားဟား ဟားဟား . . . . .”

အဘစိမ်းမောင် စကားကို ထပြီး ရယ်ကြပြန်လေရာ အဘစိမ်းမောင်က ရှူးသိုးသိုးကြည့်၍ ‘ငါ့စကားထဲမှာ ဘာရယ်စရာပါလဲ’ ဟု ဘုဆတ်ဆတ်နှင့် ပြန်မေးပါလေ၏။ ဟိုအဘတွေကလည်း အေးအေးသက်သာ ပြန်ရှင်းပြကြပါလေ၏။

“ဒီလိုကွာ . . . မင်းတို့လူ ကြင်စိုး သာဝ မအလက သူအတင်းအဓမ္မ အာဏာသိမ်းပြီးတဲ့အခါ ပြောခဲ့တာတွေကို သတိရလို့ပါဟ”

“ဘာတွေကိုလဲ”

“ဟဲဟဲ ဟဲဟဲ . . . ဟိုဟာတွေကွာ၊ ‘လျှပ်စစ်ရထား’ တို့ ‘လျှပ်စစ်ကား’ တို့တွေကို နေ့ချင်းညချင်းပဲ လုပ်ပြတော့မလိုလို ဘာလိုလိုနဲ့ အခုလည်းကျရော အဲသည်အသံတွေ လုံးဝတိတ်သွားပြီး ‘လျှပ်စစ်မဲ’ လုပ်တော့မယ်ဆိုတော့ ရယ်မိကြတာပေါ့ကွ”

“အဲ . . . အင်း . . . ဟိုဒင်း . . .”

“အခု မင်းပြောတဲ့ အဲသည် ‘စက်ခလုတ်’ နဲ့ မဲပေးခြင်းဆိုတာဟာ ကြင်စိုး သာဝ မအလက ပထမဦးဆုံး ဖန်တီးတာ မဟုတ်ဘူးဟ”

“ဟေ . . . သူ့အရင်က ရှိဖူးလို့လား”

“ရှိခဲ့တာပေါ့ စိမ်းမောင်ရာ . . . မင်းမေ့နေလို့ပါ၊ ကြင်စိုးရဲ့အဘ ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းရဲ့ တပါတီ အာဏာရှင်စနစ်တုန်းကလည်း ပြည်သူ့လွှတ်တော်ထဲမှာ ‘ထောက်ခံပါတယ်’ တို့ ‘ကန့်ကွက်ပါတယ်’ တို့ကို ‘လျှို့ဝှက်’ ဆန္ဒပြုကြတဲ့အခါ အဲသည် ‘စက်ခလုတ်’ နှိပ်ပြီး မဲပေးခဲ့ကြတာလေကွာ”

“သြော် . . . အေး အေး”

“မင်း မှတ်မိသွားပြီမဟုတ်လား”

“အေး အေး . . . မှတ်မိပြီ”

“အခုလည်း အဲသည်လိုမျိုးပဲ ထပ်တူလာဦးမှာပေါ့ကွာ”

“အေးပေါ့ကွ . . . အဲသည်လိုမျိုးပဲပေါ့”

အဘစောမူးသာတို့ အဘလုံးတုံးတို့ အဘရစ်ချတ်တို့၏ အတိုင်အဖောက်ညီညီ ရက်ကန်းသီ စကားများထဲမှာ အဘစိမ်းမောင် မျောပါနေပါလေ၏။

“အရင် ဦနေဝင်း တီထွင်ခဲ့တဲ့ ‘စက်ခလုတ်’ နဲ့ အခု ကြင်စိုးတီထွင်နေတဲ့ ‘စက်ခလုတ်’ ဟာ ထွက်လာတဲ့အကျိုးရလဒ်ချင်းကတော့ ထပ်တူကျမှာပဲဆိုတာ ငါတို့ယုံတယ်ဟေ့”

“ဘယ်လိုမျိုး အကျိုးရလဒ်လဲဟ”

“မဆလခေတ်တုန်းက လွှတ်တော်ထဲမှာ ငါက ထောက်ခံပါတယ်ဆို ‘အစိမ်းခလုတ်’ ကိုနှိပ်ရင် ကောင်တာမှာ ‘အမှန်ခြစ်’ ကလေး သွားပေါ်နေတာမျိုးလေ”

“အင်း . . .”

“တကယ်လို့ မင်းက ‘ကန့်ကွက်ပါတယ်’ ဆိုရင် ‘အနီခလုတ်’ ကလေးကို နှိပ်လိုက်ရုံပဲလေ၊ အဲသလိုနှိပ်လိုက်ရင် ကောင်တာမှာ ‘ကြက်ခြေခတ်’ လက္ခဏာလေး သွားပေါ်မှာ”

“အေး . . . ကောင်းသားကွ”

“ဟားဟား ဟားဟား ဟားဟား ဟားဟား”

“မင်းတို့က ဘာတွေထရယ်ကြပြန်တာလဲဟ”

“အေး . . . အဲသည် ‘မဆလခေတ်’ တုန်းက မင်းကြိုက်တဲ့ခလုတ်ကိုနှိပ်၊ အစိမ်းနှိပ်နှိပ် အနီနှိပ်နှိပ်၊ ကောင်တာမှာ သွားပေါ်နေမှာက ‘အမှန်ခြစ်’ ကလေးနဲ့ ‘ထောက်ခံပါတယ်’ ဆိုတာချည်းပဲဟ စိမ်းမောင်ရ”

“ဟားဟား ဟားဟား ဟားဟား . . . . . . .”

“အခု ‘မအလခေတ်’ မှာလည်း မင်းကြိုက်တဲ့ပါတီကို မင်းကြိုက်သလို စက်ခလုတ်နှိပ်ပြီး မဲပေး  . . . အေး . . . ကောင်တာမှာ သွားပေါ်နေမှာက မအလရဲ့ပါတီပဲ ဖြစ်နေမှာ ကျိန်းသေနေပြီပေါ့ဗျား”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား . .”

စကားဝိုင်းကား နိဂုံးချုပ်ခဲ့လေပြီတကား။ အဘစိမ်းမောင်၏မျက်နှာကား မဲမှောင်လျက်။ ဟိုအဘတွေကို စိမ်းစိမ်းကြီးစိုက်ကြည့်လျက်။ အရွှင်အဘတွေကား သက်တောင့်သက်သာ ပြုံးလျက်။ အဘစောမူးသာက အပိတ်စကားကို ပြောလာပါလေ၏ ခင်ဗျာ။

“ငါတို့က ‘စက်ခလုတ်’ ဆိုတာကို ချစ်လို့စတာပါ စိမ်းမောင်ရာ၊ စိတ်မဆိုးပါနဲ့ကွာ”

“အေး . . . အေးပါ”

“တကယ်တော့ မင်းတို့အဘ ကြင်စိုး သာဝ မအလတယောက် အဲသည် ‘စက်ခလုတ်’ ဆီကို ရောက်အောင် မလျှောက်နိုင်တော့ပါဘူး၊ သူက ဂိတ်ဆုံးရောက်နေပြီလေ”

“ဟေ . . . . . .”

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013