Home
မြန်မာသတင်း
ပုလဲနှင့် မိုးညှင်းတွင် တိုက်ပွဲဖြစ်၊ ဝက်လက်မြို့နယ် ပေါက်ကန်ဘူတာရွာကို စစ်ကောင်စီတပ် မီးရှို့
DVB
·
September 14, 2023

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တို့ စက်တင်ဘာ ၁၃ ရက်က အင်မထီးပျူရွာနဲ့ ကန်ဒေါင့်ရွာကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုလဲပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီက‌နေ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့ကနေ စက်တင်ဘာ ၁၁ ရက်က စစ်ကြောင်း စတင်ထွက်ခွာလာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ ခေါင်းဆာင်တွေက ပြောပါတယ်။

ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တဦးက “တိုက်ပွဲဖြစ်တာက ဒီနေ့အထိဆိုရင် ၃ ရက်ရှိသွားပြီဗျ။ ဒီနေ့တိုက်ပွဲကတော့ အင်မထီး ပျူစောထီးရွာရဲ့ အနောက်မြောက်ဘက် ကန့်ဒေါင့်ရွာကို ရိက္ခာသယ်ဖို့ လှည်းတန်းနဲ့ စစ်ကြောင်းထိုးလာတာကို ကြားဖြတ်တိုက်ခဲ့တာပါ။ အဲဒီတိုက်ပွဲ ဒီနေ့ စက်တင်ဘာ ၁၃ ရက်နေ့အတွက် မနက်ခင်း ၁၀ နာရီ ပထမအကြိမ်တိုက်ပွဲလို့ ပြောရမယ်ဗျ။ သူတို့ ရိက္ခာတွေ ကန့်‌ဒေါင့်ရွာကနေ ရိက္ခာသယ်လာပြီး ညနေ ၅ နာရီကျော်အချိန်မှာ ကျနော်တို့ အဖွဲ့တွေနဲ့ ဒုတိယအကြိမ် သရက်ကန်ရွာအနီးမှာ တိုက်ပွဲထပ်ဖြစ်တယ်ဗျ။ အဲဒီတိုက်ပွဲကတော့ စစ်ကောင်စီဘက်က စစ်သားနဲ့ ပျူ‌စောစေး ၂ ဦး သေဆုံးတယ်ဗျ။ ဒဏ်ရာရရှိသူတွေလည်း အတော်များတယ်။ သူတို့ အင်မထီးရွာထဲ ရောက်သွားပြီး ကျနော်တို့ နယ်မြေရှင်းလင်းရေး လုပ်တော့ (--) အ‌လောင်းတလောင်းနဲ့ သေနတ်တလက်ရယ်၊ နွားတ‌ကောင် သိမ်းဆည်းရမိတယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို ပုလဲမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေ၊ ဒေသခံ LPDF‌ အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာအနီးကရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၃ ရက် မနက် ၁၀ နာရီက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ ရွှေဘို-စစ်ကိုင်းသွား မီးရထားလမ်းပိုင်းကို ပြင်ဆင်ဖို့ လုံခြုံရေးယူပေးနေတာလို့ ဆိုပါတယ်။

မီးရှို့ခံရတဲ့ ကျေးရွာကတော့ ပေါက်ကန်ရွာရဲ့ ရွာခွဲတရွာဖြစ်သလို ဒေသခံလူ‌ အများစုကတော့ အဆိုပါရွာကို ပေါက်ကန်ဘူတာရွာလို့ ခေါ်ကြတယ်လို့ သိရပါတယ်။

ဝက်လက်ဒေသခံတဦးက “ပေါက်ကန်ရွာမကြီးကို ရှို့တာမဟုတ်ဘူးဗျ။ ပေါက်ကန်ရွာခွဲလို့ခေါ်တဲ့ ပေါက်ကန်ဘူတာရွာလေးကို ရှို့တာဗျ။ ရွာက အိမ်ခြေက ၅၀ ကျော်လောက်ပဲ ရှိတာပါ။ သူတို့က အိမ်တွေကို အပျင်းပြေများ မီးရှို့နေကြတာလား မသိဘူးဗျာ။ တရက်ကို အိမ်တလုံး၊ နှစ်လုံးကတော့ ရှို့နေတာ။ ဒီနေ့လည်း ရွာထပ်ရှို့နေတာ။ ဘယ်နှလုံးလောင်မယ်တော့ မသိဘူးဗျာ။ ကျနော်တို့လည်း သူတို့ ရွာထဲဝင်တဲ့နေ့ကစပြီး စစ်ရှောင်နေရတာ တလကျော် ကြာနေပြီဗျ။ ရွာကို ဘာလို့ မီးရှို့တာလဲဆိုတော့ ဘာတိုက်ပွဲမှတော့ ဖြစ်သံမကြားမိဘူး။ သူတို့က အရက်မူးတိုင်း ရှို့နေကြတာ ထင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အိမ်ခြေ ၅၀ ခန့်သာရှိတဲ့ ပေါက်ကန်ဘူတာအနီးက ပေါက်ကန်ရွာခွဲက ပြည်သူ့အိမ်တွေကို မီးရှို့နေတာလည်းဖြစ်သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပေါက်ကန်ရွာမကြီးကို မီးရှို့ခဲ့ကြသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက စစ်ကိုင်း-ရွှေဘိုသွား မီးရထားလမ်းပိုင်းကို တလကျော်ကြာတဲ့အထိ ပြုပြင်နေဆဲဖြစ်ပြီး ‌မီးရထားလမ်းပိုင်းအနီးက ဒေသခံတွေကတော့ စစ်ကောင်စီတပ်ရဲ့ မတရား ဖမ်းဆီးသတ်ဖြတ်ခံရမှာ ကြောက်ကြတာကြောင့် နေရပ်စွန့်ခွာနေကြတာ တလကျော် ကြာမြင့်နေပြီလည်း ဖြစ်ကာ အစားအသောက်၊ အမိုးအကာနဲ့ ဆေးဝါးတွေ ပြတ်လပ်နေပြီး‌ အရေးပေါ်ကူညီမှုတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ သူတွေဆီက သိရပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာအနီးမှာလည်း စက်တင်ဘာ ၁၃ ရက် မနက်က ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၁၁၁ တပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“KIA တပ်ရင်း ၂၆ နဲ့ ခမရ ၁၁၁ တို့ မနက် ၆ နာရီကနေ ၈ နာရီကျော်‌လောက်အထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်” လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

အင်းတော်ကြီးအိုင်နဲ့ ၂ မိုင်ခန့်အကွာမှာရှိတဲ့ မိုင်းနောင်ကျေးရွာရဲ့ အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မသိရဘူးလို့ ရွာခံတဦးက‌ ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာနဲ့ တာမခံကျေးရွာတွေဘက်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က KIA၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်က အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024