DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ် ထိခိုက်မှုဖြစ်ပေါ်လာပါက စစ်ကောင်စီတွင် လုံးဝတာဝန်ရှိဟု အန်အယ်လ်ဒီ ကြေညာ
DVB
·
September 14, 2023
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ် ထိခိုက်မှုဖြစ်ပေါ်လာပါက စစ်ကောင်စီတွင် လုံးဝတာဝန်ရှိဟု အန်အယ်လ်ဒီ ကြေညာ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး တစုံတရာ ချို့ယွင်းမှုသာမက အသက်အန္တရာယ်ကိုပါ ထိခိုက်မှုဖြစ်ပေါ်လာပါက အာဏာသိမ်း စစ်ကောင်စီမှာသာ လုံးဝတာဝန်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက စက်တင်ဘာ ၁၄ ရက်မှာ ကြေညာပါတယ်။

နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ အသက် ၇၈ နှစ်အရွယ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်တွင်းမှာ ကျန်းမာရေးအခြေအနေ ဆိုးရွာလာနေကာ ပြင်ပဆရာဝန်နဲ့ ကုသခွင့် မရဘူးလို့လည်း သတင်းတွေ ထွက်ပေါ်နေချိန်မှာ သူ့ရဲ့ပါတီက အခုလို ထုတ်ပြန်လိုက်တာပါ။

စစ်ကောင်စီဟာ သူတို့ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကြားခံတဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားတဲ့နေရာတွေမှာ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ ရပိုင်ခွင့် အခွင့်အရေးကိုမျှ မပေးဘဲ ချုပ်နှောင်ထားရုံသာမက လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုလည်း မရရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာနဲ့ နေရာထိုင်ခင်းတို့ကို ဆောင်ရွက်မထားဘဲ အသက်အန္တရာယ်ရှိစေဖို့ ရည်ရွယ်ဖန်တီးထားတဲ့အတွက် အထူးပင်စိုးရိမ်ပူပန်မိတယ်လို့ အန်အယ်လ်ဒီ ကြေညာချက်မှာ ဖော်ပြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာစသိမ်းတဲ့ နေ့ကတည်းက ဒီနေ့ချိန်ထိ ၂ နှစ်ခွဲကျော်ကာလတိုင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်ရဲ့ ဥပဒေမဲ့ မတရား ထောင်သွင်း အကျဉ်းကျခံထားရတာ ဖြစ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်ကစတင်ပြီး မြန်မာပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ ဒီမိုကရေစီရေးအတွက် မဆုတ်မရွံ့စွာ ရပ်တည်ဆောင်ရွက်ခဲ့တာ ၃၅ နှစ်တိုင် ရှိပြီဖြစ်ပြီး အသက်အရွယ်အားဖြင့် ၇၈ နှစ်အရွယ် ရှိလာပြီဖြစ်လို့ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေး‌ကို အထူးအလေးထားရမယ့်အရွယ် ဖြစ်တယ်လို့ အန်အယ်လ်ဒီက ဆိုပါတယ်။

ကုလသမဂ္ဂ၊ အနောက်ဥရောပနိုင်ငံတွေ၊ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းကျန်းမာမာနဲ့ အမြန်လွတ်မြောက်လာအောင် စစ်ကောင်စီထံ ပုဂ္ဂိုလ်ရေးချဉ်းကပ်တဲ့ နည်းလမ်း အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ လွတ်မြောက်ရေးလမ်းစကို ရှာဖွေနေကြကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုတွေရဲ့ ကြိုးပမ်းအားထုတ်နေမှုကို အလေးထား အသိအမှတ်ပြုကြောင်း၊ ဆက်လက်ပြီး အခုထက် ပိုမိုတွန်းအားပေး ဝန်းရံတိုက်တွန်းပေးကြဖို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်း မေတ္တာရပ်ခံလိုက်ပါတယ်။

နေပြည်တော်အကျဉ်းထောင်ထဲမှာ အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သွားဖုံးရောဂါ ခံစားနေရပြီး အစာကောင်းမွန်စွာ မစားနိုင်ဘဲ ကျန်းမာရေးအခြေအနေဟာ ဆိုးရွားလာနေတာကြောင့် အလွန်စိုးရိမ်စရာဖြစ်တယ်လို့ သူ့ရဲ့သားငယ် ကင်မ်အဲရစ်စ်က ပြီးခဲ့တဲ့ရက်ပိုင်းကမှ ထုတ်ဖော်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူထုရွေးကောက်တင်မြှောက်ထားတဲ့ အန်အယ်လ်ဒီ အစိုးရ ခေါင်းဆောင်တွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က လက်နက်အားကိုးနဲ့ ဖမ်းဆီးကာ အဓမ္မ အာဏာလုယူခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် လမ်းပေါ်ထွက် လက်ပြနှုတ်ဆက်မှု၊ ခြံထဲက လုံခြုံရေးဝန်ထမ်းတွေဆီမှာ ဝေါ်ကီတော်ကီ စကားပြောစက် တွေ့ရှိမှု၊ စီးပွားရေးသမား ဦးမောင်ဝိတ်က ပရဟိတအတွက် ငွေလှူမှု စတဲ့ အမှု ၁၉ မှုနဲ့ တဖက်သတ်စွပ်စွဲပြီး စစ်တပ်တရားရုံးက စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ချမှတ် အပြစ်ပေးခဲ့ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အမှုတွေအားလုံးမှာ အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆိုခဲ့ပြီး တရားရုံးအဆင့်ဆင့် အယူခံဝင်လျက်ရှိပါတယ်။

Photo-NLD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013