DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးကိုအလွန်အမင်းစိုးရိမ်ကြောင်း သားငယ်ကင်မ်အဲရစ်စ် ပြော
DVB
·
September 14, 2023
ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးကိုအလွန်အမင်းစိုးရိမ်ကြောင်း သားငယ်ကင်မ်အဲရစ်စ် ပြော
Donate to DVB

နေပြည်တော်အကျဉ်းထောင်ထဲမှာ အကျဉ်းချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သွားဖုံးရောဂါခံစားနေရပြီး အစာကောင်းမွန်စွာ မစားနိုင်ဘဲ ကျန်းမာရေးအခြေအနေဟာ ဆိုးရွားလာနေတာကြောင့် အလွန်စိုးရိမ်စရာဖြစ်တယ်လို့ သူ့ရဲ့ သားငယ် ကင်မ်အဲရစ်စ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၇၈ နှစ်အရွယ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာဖမ်းဆီး အကျဉ်းချခံနေရတာ ၂ နှစ်ကျော်လာခဲ့ပြီဖြစ်ပြီး အကျဉ်းထောင်တွင်းမှာ ခေါင်းမူး ပျို့အန်တာတွေရှိခဲ့ပေမဲ့ ပြင်ပဆရာဝန်နဲ့ ကုသခွင့်မရဘူးလို့လည်း  ဗြိတိသျှနိုင်ငံမှာနေထိုင်တဲ့  သားဖြစ်သူ ကင်မ်အဲရစ်စ်က ပြောပါတယ်။

ဒီအခြေအနေဟာ အရမ်းကိုစိုးရိမ်စရာဖြစ်တယ်လို့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကင်မ်အဲရစ်စ်က  ရိုက်တာသတင်းဌာနကို ပြောခဲ့တာဖြစ်ပါတယ်။

ကင်မ်အဲရစ်စ်က “လူတိုင်းသိထားသလို ကျနော့်အမေက အစာမစားနိုင်ဘူး။ သွားဖုံးရောဂါ ဖြစ်နိုင်သလို အံဆုံးပြဿနာဖြစ်နိုင်တယ်ဆိုတာထက်ပိုပြီး ကျနော်လည်း မသိပါဘူး။ သူတခေါက် မူးပြီး အန်တယ် ဆိုတာ သိရပါတယ်။ အဲဒီက အကျဉ်းထောင်ရဲ့ အခြေအနေဟာလည်း အလွန်ဆိုးတယ်လို့ သိထားပါတယ်။ အကျဉ်းထောင်ထဲမှာ လူတွေအများကြီး သေတာကိုလည်း ဘယ်သူကမှ ဂရုမစိုက်ကြပါဘူး။ အဲဒါကြောင့် သူ အခုလက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေအတွက် ကျနော် အရမ်းစိတ်ပူမိပါတယ်။ အရမ်းကို စိတ်ပူနေပါတယ်။ အရမ်းစိတ်ပူတာပေါ့။ သူက အသက် ၇၈ နှစ် ရှိပြီလေ။ ငယ်ငယ်တုန်းကလို မကြံ့ခိုင်တော့ဘူး။ အခု အစာမစားနိုင်ဘူးဆိုတော့ အကောင်းဘက်ကို မျှော်လင့်နိုင်မယ့် အခြေအနေ တော်တော်နည်းပါတယ်”လို့ ပြောပါတယ်။ 

ဖမ်းဆီးခံထားရတဲ့ မိခင်အတွက် ဆယ်ကျော်သက်အရွယ်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆု ကိုယ်စားယူပေးခဲ့တဲ့ အဲရစ်စ်ဟာ လန်ဒန်မြို့မှာ နေထိုင်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က ဖမ်းဆီးလိုက်ပြီးတည်းက မိခင်ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နည်းနဲ့မှ အဆက်အသွယ်မရတော့ဘူးလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရဖို့ သူ့ရဲ့ တောင်းဆိုမှုတွေအားလုံးကို စစ်တပ်က တုံ့ပြန်ဖြေကြားခြင်း မရှိတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ဖို့ လက်လျှော့လိုက်ရတယ်လို့  အဲရစ်စ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ထပ်ဘယ်တော့မှ တွေ့ခွင့်မရနိုင်တော့မယ့် အခြေအနေအပေါ် စိုးရိမ်မှုရှိ၊ မရှိ မေးရာမှာ “အဲဒါကိုပဲ စိတ်ပူနေတာပေါ့ဗျာ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီး မတွေးမိအောင် ကျနော်တို့ ကြိုးစားပြီးနေပါတယ်” လို့ကင်မမ်အဲရစ်က ပြန်ဖြေကြားခဲ့ပါတယ်။

“ကျနော့်အမေနဲ့ ပုံမှန်ဆက်သွယ်ခွင့် ရှိရမှာဖြစ်ပေမဲ့ ကျနော့်ဘက်က ဆက်သွယ်သမျှတွေကို စစ်တပ်ဘက်က ဘာအကြောင်းမှ မပြန်လာတဲ့နောက်တော့ ကျနော့်ဘက်က ထပ်ပြီး ဆက်သွယ်လည်း မထူးတော့ဘူးဆိုတဲ့ သဘောပဲပေါ့။ ဘယ်လိုနည်းနဲ့မှ သူနဲ့ ဆက်သွယ်လို့ မရနိုင်ဘူး။ သူ့အတွက် အခြေခံလိုအပ်ချက်တွေကိုတောင် ပို့ပေးလို့မရဘူး။ သူ့မှာ ရှေ့နေနဲ့ တိုင်ပင်ခွင့်မရဘူး။ ဧည့်တွေ့ခွင့် မရှိဘူး။ တခြားအကျဉ်းကျနေသူတွေနဲ့လည်း ရောနှော မနေရဘူး။ ဒါ ကျနော် သိသလောက်ပဲ၊ ပြောရရင် သီးခြားခွဲပြီး ချုပ်နှောင်ထားတဲ့နည်းတစ်ခုပါပဲ။”

စစ်တပ်က နိုင်ငံရေးအပြောင်းအလဲတစ်ခုအဖြစ်နဲ့ ကျင်းပခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက အနိုင်ရရှိခဲ့သလို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီ ပါတီက ထပ်မံအနိုင်ရခဲ့တာကို မဲစာရင်းမှားတယ်လို့  စစ်တပ်က စွပ်စွဲခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၁ ခုနှစ် ဖောဖော်ဝါရီလ ၁ ရက်နေ့မှာတော့ မဲစာရင်းမှားမှု  အကြောင်းပြချက်နဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးကာ စစ်တပ်က အာဏာလုယူခဲ့ပါတယ်။

စွပ်စွဲထားတဲ့ အမှုတွေထဲက ၁၉ မှုကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး စစ်တပ် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်ချမှတ် အပြစ်ပေးခဲ့ပါတယ်။

အမှုတွေကတော့ လမ်းပေါ်ထွက် လက်ပြနှုတ်ဆက်မှု၊ ခြံထဲက လုံခြုံရေးဝန်ထမ်းတွေဆီမှာ ဝေါ်ကီတော်ကီ စကားပြောစက် တွေ့ရှိမှု၊ စီးပွားရေးသမား ဦးမောင်ဝိတ်က ပရဟိတအတွက် ငွေလှူမှု စတဲ့ အမှုတွေနဲ့  စစ်တပ်က စွဲချက်တင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အမှုတွေအားလုံးမှာ အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆိုခဲ့ပြီး တရားရုံးအဆင့်ဆင့် အယူခံဝင်လျက်ရှိပါတယ်။

Source/Photo- Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013