Home
မြန်မာသတင်း
ဂန့်ဂေါတွင် စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ၊ ခင်ဦး၌ စစ်တပ်က မျိုးစပါးများ မီးရှို့ဖျက်ဆီး
DVB
·
September 13, 2023

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာမှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ပြည်သူ  နှစ်ယောက် ဒဏ်ရာရရှိကာ နေအိမ် နှစ်လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၃ ရက် မနက် ၅ နာရီလောက်ကစပြီး မင်းရွာရဲကင်းစခန်းက လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

မင်းရွာရှိ လူနေအိမ်တွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး ဒေသခံတွေရဲ့ နေအိမ်ခြံဝန်းထဲ ၆၀ မမ လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ပေါက်ကွဲတဲ့ လက်နက်ကြီးစ ထိမှန်ပြီး နေအိမ်အတွင်းမှာရှိတဲ့ အသက် ၆၀ အရွယ် အမျိုးသားနဲ့ သူ့ရဲ့ဇနီးဖြစ်သူ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတို့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကာ နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ပါတယ်။

ဒေသခံတဦးက “ဒဏ်ရာတွေက ပြင်းထန်တယ်ပြောရမယ်။ အမျိုးသားက တင်ပါးထိသွားတာ၊ အတော်များတယ်။ သူ့အမျိုးသမီးက ခြေထောက်ကို ထိသွားတာ များတယ်။ တခြား ဒဏ်ရာသေးသေးလေးတွေလည်း အများကြီးရတယ်” လို့ ပြောပါတယ်။

မင်းရွာရဲကင်းစခန်းဟာ အာဏာသိမ်းပြီးစကတည်းက ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တတ်ပြီး အိမ်ခြေ ၃၈၀ ရှိတဲ့ မင်းရွာကျေးရွာက အိမ်ခြေ ၂၀၀ လောက်က ရွာနဲ့အဝေးကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်မှာတော့ အာဏာသိမ်းပြီးစ ကာလကနေ အခုနှစ် ဩဂုတ်လကုန်အထိ လူနေအိမ်ခြေပေါင်း ၆,၀၅၀ မီးရှို့ခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျေးရွာပေါင်း ၁၄၇ ရွာရှိတဲ့ ခင်ဦးမြို့နယ်မှာ ကျေးရွာ ၇၉ ရွာတိတိ မီးရှို့ခံခဲ့ရတဲ့အတွက် မြို့ရဲ့တဝက်ကျော်က မီးလောင်ပြင်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေချိန် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် နေရပ်မပြန်နိုင်ဘဲ တိမ်းရှောင်နေရတဲ့ ပြည်သူ ၁၀,၀၀၀ နီးပါး ရှိနေပါတယ်။

ခင်ဦးမြို့နယ် ပြန်ကြားရေးတာဝန်ခံက “မြို့နယ်တဝက်လောက်က မီးလောင်ပြင်ပေါ့။ စစ်ရှောင်တွေက နီးစပ်ရာ စစ်ရှောင်စုရပ်တွေမှာ နေကြရတယ်။ စားရေးသောက်ရေး အခက်အခဲတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လစဉ်နီးပါး စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရှောင် မီးဘေးသင့် ပြည်သူတွေဟာ လုပ်ငန်းမလုပ်ကိုင်ရဘဲ စစ်ဘေးတိမ်းရှောင်နေရသလို   နေ့စဉ်ဝင်ငွေ ရှားပါးလာပြီး ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာမှုကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ လူပေါင်းထောင်ချီ ရှိနေတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။

ခင်ဦးမြို့မှာ စစ်ကောင်စီတပ်တွေက မကြာမခဏ စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့လို့ မျိုးစပါးတွေပါ ပျက်စီးလောင်ကျွမ်းသွားတာကို ကျေးရွာအရေး တက်ကြွလှုပ်ရှားသူ၊ တောင်သူနဲ့ ကောက်စိုက်သမားတွေထံက သိရပါတယ်။

မီးလောင်ပျက်စီးခဲ့တဲ့ စပါးအရေအတွက် တင်းရေ ၂၀,၀၀၀ ကျော်ရှိပြီး အိမ်ခြေ ၅၀၀ မှာ ၃၆၉ အိမ် မီးလောင်ခဲ့တယ်လို့ ကျေးရွာအရေး တက်ကြွလှုပ်ရှားသူက ပြောပါတယ်။

“မျိုးစပါး မီးမလောင်တဲ့ တခြားရွာတွေကတော့ ဝေမျှပေးတာတွေတော့ ရှိပါတယ်။ အကုန်လုံးက အဘက်ဘက်က ကျပ်တည်းနေတော့ အကုန်လုံးမပေးနိုင်ကြဘူး” လို့ ကျေးရွာအရေး တက်ကြွလှုပ်ရှားသူက ပြောပါတယ်။

ကောက်စိုက်ခက တရက်ကို တဧက ကျပ် ၇ သောင်းနှုန်းရပြီး လူ ၅၀ မှ ၈၀ ထိ ကောက်စိုက်ကြပြီး တဧကကို နာရီပိုင်းအကြာလောက်ပဲ ကောက်စိုက်ရပါတယ်။

ကောက်စိုက်သမတဦးက “မျိုးစပါးကို တချို့က အိမ်နဲ့လွတ်တဲ့နေရာမှာ ဖွက်ထားကြတယ်။ အဲ့နေရာတွေပါ အကုန်လောင် ပျက်စီးသွားတာ။ စပါးမျိုး၊ ပဲစေ့မျိုး၊ နှမ်းမျိုးတွေပါ အကုန်ပါသွားတယ်။ ကျမတို့ဘက်မှာက လယ်အလုပ်ပဲ လုပ်ကိုင်ကြတော့ အလုပ်မရှိတော့မှာ တွေးကို မတွေးရဲပါဘူး” လို့ ပြောပါတယ်။

မျိုးစပါးတွေကို မြို့ပေါ်က ပြန်ဝယ်တဲ့အခါ တအိတ်ကို ကျပ် သိန်း ၃၀ ကနေ ၄၀ ထိ ပေါက်စျေးရှိကာ တအိတ်ကို ၁၅ ပြည် အပြည့်မပါဘူးလို့ တောင်သူတွေထံက သိရပါတယ်။

အရင်နှစ်တွေက ရွှေဘိုမြို့ပေါ်ကို ထွက်ရှိတဲ့စပါးတွေ တင်ပို့ရောင်းချပြီး အခုချိန်ခါမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေက အပြန်အလှန် ထိတွေ့မှုတွေရှိလို့ ပုံမှန်လမ်းက သွားဖို့အဆင်မပြေဘဲ တခြားခက်ခဲတဲ့လမ်းကနေ သွားလာနေရပါတယ်။

စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စားဝတ်နေရေး အဘက်ဘက်က ကျပ်တည်းနေတဲ့ ခင်ဦးဒေသခံတွေဟာ အကူအညီများစွာ လိုအပ်နေပြီး NUG က အိမ်ထောင်စုတစုကို ငွေကျပ် ၁၀,၀၀၀၊ ဆီ ၅၀ သားနှုန်းနဲ့ နေအိမ် ၃၆၇ အိမ်အတွက် ထောက်ပံ့ပေးခဲ့တယ်လို့ ကျေးရွာအရေး တက်ကြွလှုပ်ရှားသူထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024