မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာမှာ စက်တင်ဘာ ၁၃ ရက် မနက် ၈ နာရီလောက်က စစ်မှုထမ်းဟောင်းတယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရင်းငြိမ်တောင်ကျေးရွာ တောင်ပေါ်တန်းပိုင်းမှာ နေထိုင်တဲ့ အသက် ၆၈ နှစ်အရွယ် ဦးကျားကြီးဟာ နေအိမ်မှာရှိနေစဉ် ဆိုင်ကယ်နဲ့ လူနှစ်ဦးရောက်လာပြီး လူတယောက်က ဆိုင်ကယ်ပေါ်က ဆင်းလာကာ ဦးကျားကြီးကို ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။
ပစ်ခတ်ခံရမှုကြောင့် ဦးကျားကြီးရဲ့ ဝဲဘက်ပေါင်ထိမှန်ခဲ့ပြီး ရင်းငြိမ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့ကာ အဲဒီကတဆင့် သထုံဆေးရုံကြီးကို လွှဲပြောင်းပေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံတဦးက “အိမ်ကနေ ကျောင်းသွားခါနီး သေနတ်နဲ့ဝင်ပစ်ခံရတာ။ ဝဲဘက်ပေါင် ထိမှန်ဒဏ်ရာရတယ်။ အခု သထုံဆေးရုံမှာ ဆေးကုခံနေရတယ်။ ဘာကြောင့်ပစ်လဲတော့ မသိရဘူး” လို့ ပြောပါတယ်။
ဦးကျားကြီးဟာ စစ်မှုထမ်းဟောင်းဖြစ်သလို အရန်မီးသတ်တပ်ဖွဲ့ဝင်တဦးလည်းဖြစ်ကာ တဖက်မှာလည်း ကျောင်းတက်ချိန် လွှတ်ချိန်တွေမှာ ကလေးတွေ အန္တရာယ်ကင်းရှင်းစေဖို့ လမ်းရှင်းလင်းပေးတာတွေ ကူညီလုပ်ဆောင်ပေးနေသူလို့ ဒေသခံတွေဆီက သိရပါတယ်။