DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် သူနာပြုဆရာမ ၁ ဦးကို ဆရာဝန်လင်မယားက ရိုက်နှက်ခဲ့သည့်အမှု စတင်စစ်ဆေး
DVB
·
September 13, 2023
ဘူးသီးတောင်တွင် သူနာပြုဆရာမ ၁ ဦးကို ဆရာဝန်လင်မယားက ရိုက်နှက်ခဲ့သည့်အမှု စတင်စစ်ဆေး
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ သူနာပြုဆရာမတယောက်ကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့တဲ့ ဆရာဝန်လင်မယားနဲ့ သူတို့ရဲ့တပည့်ဖြစ်သူတို့ကို စက်တင်ဘာ ၁၂ ရက်က ဘူးသီးတောင်မြို့နယ်တရားရုံးမှာ ပုဒ်မ ၃ ခုနဲ့  စတင်စစ်ဆေးနေပါတယ်။ 

ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာမှ သူနာပြုဆရာမတယောက်ကို သူ့ရဲ့အထက် အရာရှိဖြစ်တဲ့ ဆေးရုံအုပ်ဆရာဝန်နဲ့ သူ့ရဲ့ဇနီးအပါအဝင် တပည့်တယောက်က သူနာပြုဆရာမရဲ့ အဆောင်အခန်းထဲအထိ ဝင်ရောက် အုပ်စုဖွဲ့ ရိုက်နှက်၊ ဆဲဆိုခဲ့တဲ့အမှု ဖြစ်ပါတယ်။

ဒီအမှုဖြစ်ပြီး တနှစ်ကျော်အကြာ စက်တင်ဘာ ၇ ရက်ကမှ  ဘူးသီးတောင်မြို့နယ်တရားရုံးမှာ ဆရာဝန်အပါဝင် ၃ ဦးကို ပုဒ်မ ၃ ခုနဲ့ တရားစွဲတင်ပြီး စက်တင်ဘာ ၁၂ ရက်မှာ အမှုကို စတင်စစ်ဆေးတယ်လို့ တရားလို မိသားစုထံက သိရပါတယ်။

သူနာပြုဆရာမရဲ့အမေဖြစ်သူက"ဘူးသီးတောင်တရားရုံးမှာ စက်တင်ဘာ ၁၂ ရက်နေ့ ရုံးချိန်းဆိုတော့ ကျမသမီးကို စပြီးစစ်မယ်ပေါ့။ တရားရုံးရောက်တော တရားသူကြီးနဲ့ ဥပဒေအရာရှိက ခရီးလွန်နေတော စက်တင်ဘာ ၁၅ ရက်နေ့ ရုံးထပ်ချိန်းလိုက်တယ်။ တရားခံတွေကိုတော့ တရားစွဲတင်တဲ့ စက်တင်ဘာ ၇ ရက်နေ့ကတည်းက တရားရုံးက အာမခံပေးထားတယ်"လို့  ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မေလ ၁၀ ရက် ညနေ ၇ နာရီလောက်က ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ဆေးရုံမှာ တာဝန်ကျနေတဲ့ အသက် ၂၃ နှစ်အရွယ် သူနာပြုဆရာမကို ဆေးရုံအုပ် ဒေါက်တာ ညီညီမောင်၊ သူ့ဇနီး ဒေါ်နွယ်နွယ်ဦးနဲ့  တပည့်တစ်ဦးတို့က ဆရာမနေထိုင်တဲ့ အခန်းထဲထိ ဝင်ရောက် ရိုက်နှက်သွားခဲ့ကြတာပါ။

သူနာပြုဆရာမဘက်က သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုသွားဖွင့်ခဲ့ပေမဲ့ အထက်အရာရှိ လက်မှတ်ပါမှ ဖွင့်ပေးလို့ရမယ်ဆိုပြီး လူကြီးအဆင့်ဆင့် ငြင်းဆိုခဲ့ကြတာကြောင့် တရားစွဲတင်ဖို့ အချိန်ကြန့်ကြာခဲ့ရတာဖြစ်ပါတယ်။

သူနာပြုဆရာမရဲ့ မိခင်က "ကျမတို့က အခင်းဖြစ်ပွါးပြီးတော့ စေတီတောင်ရဲစခန်းမှာ အမှုသွားဖွင့်တာ စခန်းမှူးက အထက်လူကြီးလက်မှတ်ပါမှ အမှုဖွင့်လို့ရမယ်တဲ့။ အဲဒါနဲ့ ဘူးသီးတောင်ဆေးရုံအုပ်ကြီး လက်မှတ်နဲ့အမှုသွားဖွင့်တယ်။ ပြည်နယ်အဆင့် လူကြီးလက်မှတ်ပါရမယ်တဲ့။ ပြည်နယ် ကျန်းမာရေးဦးစီးလက်မှတ် သွားတောင်းတယ်။ မပေးနိုင်သေးဘူးတဲ့။ နောက်တစ်ကြိမ်သွားတောင်း မှပေးလိုက်တာ” လို့  ပြောပါတယ်။

လက်ရှိမှာ ဆရာဝန်လင်မယားနဲ့ သူတို့ရဲ့တပည့်တစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၄၅၁ (ပြစ်မူတစ်ခုခုကို ကျူးလွန်ရန် အကြံအစည်ဖြင့် အိမ်ကျော်နင်းမှု၊ အသရေဖျက်မှု၊ ဆဲဆိုမူ)၊ ပုဒ်မ ၃၅၄ (ကိုယ်ထိလက်ရောက်မှု)၊ ပုဒ်မ ၂၉၄ (ညစ်ညမ်းစွာဆဲဆိုမှု) တို့နဲ့ ဘူးသီးတောင်မြို့နယ် တရားရုံးမှာ တရားစွဲတင်ထားတယ်လို့  ရဲမှတ်တမ်းအရသိရပါတယ်။

မောင်တောခရိုင်မှ ဝါရင့်အငြိမ်းစားရှေ့နေကြီးတစ်ဦးက “ဒီသူနာပြုဆရာမအမှုက  ကမ္ဘာကျော်နေပြီဗျ။ အမှုဖွင့်တုန်းက ရာဇတ်သတ်ကြီးပုဒ်မ ၄ ခုဖြစ်တဲ့ ၄၅၁/၄၄၈/ ၃၅၄/၃၂၃/၂၉၄ တိုနဲ့ အမှုဖွင့်ထားတာ။ အခု တရားရုံးကိုရောက်မှ ရဲစွဲချက်မှာ ရာဇတ်ကြီးပုဒ်မ ၃ ခုပဲ ပါလာတာတွေ့ရတယ်။ သူတို့ကို တရားရုံးက ဖမ်းဝရမ်း အကြိမ်ကြိမ် ထုတ်ပြီး ခေါ်တာလည်းမလာဘူး။ အခုကျမှ လက်ခံပေးထားတယ်။ အာမခံ ပေးမရတဲ့ ပုဒ်မတွေကို သူတို့ အပေးအယူလုပ်ချန်လပ်ခဲ့တာ။ လုံးဝတရားမျှတမှု မရှိတာတွေနေရတယ်” လို့ သုံးသပ်ပါတယ်။

ဒေါက်တာ ညီညီမောင်ဟာ သူနာပြုဆရာမကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ အသုံးအနှုန်းတွေနဲ့လည်း ဖုန်းကနေတစ်ဆင့် စာပို့(SMS)ခဲ့တယ်လို့လည်း ကာယကံ ရှင်က သက်သေအထောက်အထားနဲ့ ပြောပါတယ်။

SMS စာတွေကို သူနာပြုဆရာမက သူ့မိဘတွေနဲ့အတူ ဘူးသီးတောင်မြို့နယ်၊ ဆေးရုံအုပ်ဆီသို့ သွားရောက်တိုင်ခဲ့တဲ့အတွက် ဒေါက်တာ ညီညီမောင်က အခုလိုအငြိုးထားကာ သူနာပြုဆရာကို အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ကြလို့ တရားလိုက ပြောပါတယ်။ 

လက်ရှိမှာတော့ ဒေါက်တာညီညီမောင်ကို ကရင်ပြည်နယ်၊ ကျိန်းတုံမြို့နယ်၊ ကြာအင်းဆိပ်ကြီးသို့  ပြောင်းရွှေ့ခံထားရပါတယ်။

ဘူးသီးတောင်မြို့နယ် တရားရုံးက စာထုတ်ပြီးဆင့်ခေါ်ခဲ့ပေမဲ့ မလာတဲ့အတွက် ကြာအင်းဆိပ်ကြီး ကျန်းမာရေးဌာနကို စစ်ကောင်စီအမိန့်နဲ့ စာထုတ်ခေါ်ယူပြီးမှ အမှုရင်ဆိုင်ဖို့ ဘူးသီးတောင်ကို ပြန်ရောက်လာတာလို့  တရားရုံးနဲ့  နီးစပ်သူထံကနေ သိရပါတယ်။

ဒီအမှုဖြစ်စဉ်နဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး  ဒေါက်တာညီညီမောင်တို့ဘက်ကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013