DVB Logo
Home
Lead Story
အိမ်မွေးတိရစ္ဆာန်တွေကို နမ်းတာက အဆင်ပြေရဲ့လား
DVB
·
September 13, 2023
အိမ်မွေးတိရစ္ဆာန်တွေကို နမ်းတာက အဆင်ပြေရဲ့လား
Donate to DVB

အိမ်မွေးတိရစ္ဆာန်တွေနဲ့ လူတွေရဲ့ ဆက်ဆံရေးဟာ မကြာသေးခင်က ဆယ်စုနှစ်တွေအတွင်းမှာ သိသိသာသာ ပြောင်းလဲလာပါတယ်။ ဩစတြေးလျနိုင်ငံရဲ့ အိမ်ထောင်စု ၆၉ ရာခိုင်နှုန်းလောက်ဟာ အိမ်မွေးတိရစ္ဆာန် အနည်းဆုံး တကောင်ရှိတယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတခုအရ သိရပြီး အိမ်မွေးတိရစ္ဆာန် ပိုင်ဆိုင်မှုကလည်း အချိန်တိုင်း မြင့်မားလာနေပါတယ်။

အိမ်မွေးတိရစ္ဆာန် ပိုင်ဆိုင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူး များစွာရရှိပေမဲ့ တခါတရံမှာတော့ ကူးစက်နိုင်တဲ့ ကူးစက်ရောဂါတွေလည်း ခိုအောင်းနေနိုင်ပါတယ်။ လူအများစုအတွက် ဖြစ်နိုင်ခြေနည်းပေမဲ့ အချို့သော ကိုယ်ဝန်ဆောင်တွေနဲ့ ခုခံအားစနစ် အားနည်းတဲ့ တချို့လူတွေမှာ တိရစ္ဆာန်တွေဆီက ရောဂါကူးစက်ပြီး ဖျားနိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် ရောဂါပိုးမွှားကို ကာကွယ်ဖို့ လိုအပ်တဲ့ အန္တရာယ်တွေကို သိရှိဖို့ အရေးကြီးပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေက ဘယ်လိုရောဂါတွေ သယ်ဆောင်လာတတ်သလဲ။

တိရစ္ဆာန်တွေကနေ လူကို ကူးစက်နိုင်တဲ့ ကူးစက်ရောဂါတွေကို zoonotic disease သို့မဟုတ် zoonoses လို့ ခေါ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေရဲ့ ရောဂါပိုး ၇၀ ရာခိုင်နှုန်းဟာ လူကို ကူးစက်နိုင်တယ်လို့ သိရပါတယ်။

Zoonoses ဟာ ညစ်ပတ်တဲ့ အိပ်ရာ၊ မြေ၊ အစားအစာ၊ တံတွေး၊ ခန္ဓာကိုယ်အရည်နဲ့ မစင်ကို ထိတွေ့ကိုင်တွယ်ခြင်းကြောင့် အိမ်မွေးတိရစ္ဆာန်တွေဆီကနေ လူကို တိုက်ရိုက် ကူးစက်နိုင်ပါတယ်။

ခွေးနဲ့ ကြောင်တွေဟာ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ၊ မှိုတွေနဲ့ ကပ်ပါးရောဂါတွေကြောင့် ဖြစ်ပေါ်လာတဲ့ တိရစ္ဆာန်ရောဂါပိုးမွှား ကူးစက်မှုရဲ့ အဓိကဖြစ်ပါတယ်။ အာဖရိကနဲ့ အာရှက ဒေသတွေရဲ့ ခွေးတွေဟာ တံတွေးကတဆင့် ကူးစက်တတ်တဲ့ ခွေးရူးပြန်ရောဂါရဲ့ အဓိက အရင်းအမြစ် ဖြစ်ပါတယ်။

ခွေးတွေဟာ ပါးစပ်နဲ့ တံတွေးတွေမှာ Capnocytophaga ဘတ်တီးရီးယားတွေကို သယ်ဆောင်လေ့ရှိ‌ပြီး အနီးကပ်‌ထိတွေ့ခြင်း ဒါမှမဟုတ် အကိုက်ခံရခြင်းက လူတွေကို ကူးစက်နိုင်ပါတယ်။ လူအများစုက‌ ဖျားနာခြင်းလောက်ပဲ ခံစားရနိုင်ပေမဲ့ အဆိုပါ ဘက်တီးရီးယားတွေဟာ ခုခံအားစနစ် နည်းနေသူတွေဆီ ရံဖန်ရံခါ ရောဂါပိုး ကူးစက်နိုင်ပြီး ပြင်းထန်တဲ့ နာမကျန်းမှုနဲ့ အသက်ဆုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။

ကြောင်နဲ့ဆက်စပ်တဲ့ zoonoses တွေမှာတော့ Giardiasis၊ campylobacteriosis၊ salmonellosis နဲ့ toxoplasmosis လို အူလမ်းကြောင်းနဲ့ ခံတွင်းလမ်းကြောင်းကနေ ပျံ့နှံ့တဲ့ရောဂါတွေ ပါဝင်ပါတယ်။ ဆိုလိုတာကတော့ ကြောင်ရဲ့ဗန်းကို ကိုယ်တွယ်တဲ့အခါ လက်ဆေးဖို့ သို့မဟုတ် လက်အိတ်ကို အသုံးပြုဖို့က အရေးကြီးပါတယ်။

ကြောင်တွေဟာ ကြောင်ခြစ်ရောဂါ အပါအဝင် အကိုက်ခံရခြင်းနဲ့ ခြစ်ရာကတဆင့် ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။

ငှက်၊ လိပ်နဲ့ ငါးတွေကလည်း ရောဂါကူးစက်နိုင်ပါတယ်။

ခွေးနဲ့ ကြောင်တွေတင် လူကို ကူးစက်နိုင်တာမဟုတ်ဘဲ အိမ်မွေးငှက်တွေကနေလည်း အဆု‌တ်ရောင်ခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးဝင်တဲ့ pisttacocosis ကို ဖြစ်စေပါတယ်။ အိမ်မွေးလိပ်တွေနဲ့ ထိတွေ့ခြင်းဟာလည်း လူတွေကို အထူးသဖြင့် ငယ်ရွယ်တဲ့ကလေးတွေကို Salmonellosis ရောဂါပိုးကို ဖြစ်စေနိုင်ပါတယ်။ အိမ်မွေးငါးတွေကဝောာင် vibriosis၊ mycobacteriosis နဲ့ salmonellosis အပါအဝင် ဘက်တီးရီးယားပိုးမွှား ကူးစက်မှုတွေနဲ့ ဆက်စပ်နေပါတယ်။

တိရစ္ဆာန်တွေနဲ့ အနီးကပ်ထိတွေ့ခြင်း အထူးသဖြင့် တချို့အပြုအမူတွေဟာ zoonotic ကူးစက်မှု အန္တရာယ်ကို တိုးစေပါတယ်။ နယ်သာလန်နိုင်ငံက လေ့လာမှုတခုအရ ပိုင်ရှင်ထက်ဝက်ခန့်ဟာ အိမ်မွေးတိရစ္ဆာန်တွေကို သူတို့ရဲ့မျက်နှာကို ယက်ခွင့်ပြုခဲ့ပြီး ၁၈ ရာခိုင်နှုန်းဟာ သူတို့ရဲ့ အိပ်ရာကို မျှဝေခွင့်ပြုခဲ့ကြောင်း တွေ့ရပါတယ်။ အိပ်ရာကို မျှဝေတာဟာ အိမ်မွေးတိရစ္ဆာန်တွေ သယ်ဆောင်လာတဲ့ ရောဂါပိုးတွေနဲ့ ထိတွေ့မှုကြာချိန်ကို တိုးစေပါတယ်။ ကြောင်ပိုင်ရှင်တွေရဲ့ ၄၅ ရာခိုင်နှုန်းကဝောာ့ မီးဖိုချောင်တွေမှာနေဖို့ ခွင့်ပြုပေးထားပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေကို နမ်းခြင်းဟာ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေမှာ ရံဖန်ရံခါ zoonotic ကူးစက်မှုတွေ ဖြစ်စေပါတယ်။ ဂျပန်နိုင်ငံက အမျိုးသမီးတဦးဟာ ခွေးရဲ့မျက်နှာကို ပုံမှန်နမ်းခဲ့တာကြောင့် Pasteurella multicoda ကူးစက်မှုကြောင့် ဦးနှောက်အမြှေးရောင် ရောဂါ ဖြစ်ပွားခဲ့ပါတယ်။ ဒီဘက်တီးရီးယားတွေဟာ ခွေးနဲ့ ကြောင်တွေရဲ့ ပါးစပ်မှာ တွေ့ရပါတယ်။

ကလေးငယ်တွေဟာ အိမ်မွေးတိရစ္ဆာန်တွေကို ထိတွေ့ပြီးနောက် လက်ကို ပါးစပ်ထဲထည့်တဲ့ အပြုအမူတွေကြောင့် ကူးစက်ရောဂါကနေတဆင့် ဖျားနာနိုင်ခြေ မြင့်တက်သွားပါတယ်။

အိမ်မွေးတိရစ္ဆာန်ဆီက ရောဂါကူးစက်ခံရမှာကို စိုးရိမ်နေတယ်ဆို ဘာလုပ်သင့်လဲ။

ဖျားနိုင်ခြေကို လျှော့ချပေးနိုင်တဲ့ တကိုယ်ရေသန့်ရှင်းမှုနဲ့ အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်း အလေ့အကျင့်ကောင်းတွေ အများကြီးရှိပါတယ်။

အိမ်မွေးတိရစ္ဆာန်နဲ့ ကစားပြီးနောက် လက်ဆေးပါ။ အိပ်ရာ၊ အရုပ်နဲ့ မစင်တွေကို သန့်ရှင်းရေး ပြုလုပ်ပြီးတိုင်းမှာ လက်ဆေးပါ။

အိမ်မွေးတိရစ္ဆာန်တွေကို မျက်နှာ သို့မဟုတ် ထိခိုက်ရှနာတွေကို လျှာနဲ့လျက်ခွင့် မပြုပါနဲ့။

အိမ်မွေးတိရစ္ဆာန်တွေနဲ့ ကစားတဲ့အခါနဲ့ ကစားပြီနောက် ကလေးတွေ လက်ဆေးတဲ့အခါ ကြီးကြပ်ပေးပါ။

မစင်ပုံးများပြောင်းခြင်း သို့မဟုတ် ငါးကန်များ သန့်ရှင်းရေးလုပ်တဲ့အခါ လက်အိတ်ဝတ်ဆင်ပါ။

လေထုညစ်ညမ်းမှုကို လျော့နည်းစေဖို့ သန့်ရှင်းရေးလုပ်တဲ့အခါ ငှက်လှောင်အိမ်ကို စိုစွတ်အောင်လုပ်ပါ။

အိမ်မွေးတိရစ္ဆာန်တွေကို မီး‌ဖိုချောင်အပြင်ဘက်မှာသာ ထားပါ။ (အထူးသဖြင့် အစားအစာများပေါ်သို့ ခုန်တက်နိုင်တဲ့ ကြောင်များ)

ကာကွယ်ဆေးထိုးပေးခြင်း၊ သန်ကောင်နဲ့ မှက် ကုသခြင်း အပါအဝင် ကြိုတင်ကာကွယ်တဲ့ တိရစ္ဆာ‌န်ဆေးကုသရေး စောင့်ရှောက်မှုနဲ့ နောက်ဆုံးပေါ်‌ ပြုစုစောင့်ရှောက်မှုများ ပြုလုပ်ပါ။

အိမ်မွေးတိရစ္ဆာန်က နေမကောင်းဘူးလို့ထင်ရင် တိရစ္ဆာန်ဆေးကုခန်းမှာ လျင်မြန်စွာ သွားရောက်ကုသပါ။

အထူးသဖြင့် နာမကျန်းဖြစ်နိုင်ချေ မြင့်မားနေသူတွေအတွက် zoonotic ရောဂါပိုးတွေနဲ့ ထိတွေ့မှုကို လျှော့ချဖို့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့ အထူးအရေးကြီးပါတယ်။ အိမ်မွေးတိရစ္ဆာန်တကောင်မွေးဖို့ စဉ်းစားနေတယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အခြေအနေနဲ့ အကိုက်ညီဆုံး တိရစ္ဆာန်အမျိုးအစားကို တိရစ္ဆာန်ဆေးကုဆရာဝန်ကို မေးပါ။

ဘာသာပြန်သူ- လီလီ

( The conversation ဝက်ဆိုက်မှာ  Swinburne နည်းပညာတက္ကသိုလ်မှ အဏုဇီဝဗေဒဘာသာရပ် ပါမောက္ခ Enzo Palombo နဲ့ ကထိက Sarah McLean တို့ပူးပေါင်း ရေးသားထားတဲ့  “Is it okay to kiss your pet? The risk of animal-borne diseases is small, but real” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013