Home
မြန်မာသတင်း
မြန်မာစစ်ကောင်စီတပ်သား ၁၀၀ ခန့် ထိုင်းမြေထဲကျူးကျော်ဝင်နေသည့်ကိစ္စ ထိုင်းလွှတ်တော်၌  မေးခွန်းထုတ်
နန်းမြနဒီ
·
September 13, 2023

အင်အား ၁၀၀ နီးပါးရှိ မြန်မာစစ်သားတွေ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မြို့နယ်ထဲရှိ ထိုင်းနယ်စပ်ဘက်ကို ပြီးခဲ့တဲ့အပတ်က ကျူးကျော်ဝင်ရောက်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး  Fare ပါတီရဲ့ လွှတ်တော်အမတ် နိုင်းကန်ဝီဆိပ်ဆိုင်က ထိုင်းလွှတ်တော်အစည်းအဝေးမှာ မေးခွန်းထုတ်လိုက်ပါတယ်။

စက်တင်ဘာာ ၄ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က အင်အား ၈၀ မှ ၁၀၀  လောက်ရှိ  မြန်မာစစ်သားတွေဟာ လက်နက်အပြည့်အစုံနဲ့ အုန်းဖျန်မြို့နယ်ရှိ ရွာသားပိုင် လယ်တောထဲကို ဝင် ရောက်လာကြောင်း၊ အဲဒီနေရာဟာ သူတို့ရွာနဲ့ ၁ ကီလိုမီတာသာ ကွာဝေးတာကြောင့် ရွာသား တွေအနေနဲ့ သူတို့လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်ရကြောင်း နယ်စပ်ရှိ လူထုအခြေပြု ကွန်ရက်အဖွဲ့အစည်းက သူ့ဆီအကြောင်းကြားလာတယ်လို့  နိုင်းကန်ဝီက ပြောပါတယ်။ 

တဘက်နိုင်ငံနယ်စပ်မှာ မြန်မာတပ်ဖွဲ့ဝင်တွေဟာ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဝိုင်းဝန်း ပိတ်ဆို့ထားတာခံနေရလို့ သူတို့လူကိုကူညီဖို့ အင်အားဖြည့်လာတာဖြစ်ပြီး ထိုင်းနယ်မြေထဲ ကနေတဆင့် ပတ်ဝင်လာတာဖြစ်ကြောင်း၊ မြန်မာစစ်သားတွေ ဝင်လာတဲ့ကိစ္စ ရွာသားတွေက သူကြီးကို တိုင်ထားပြီး သူကြီးကလည်း အုန်းဖျံမြို့နယ်အုပ်ချုပ်ရေးရုံးကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေရာမှာ ထိုင်းစစ်သားတွေ ရှိနေပေမယ့် အင်အားနည်းလွန်းတာလား၊ အထက်အမိန့်ကို စောင့်နေတာလား၊ တပ်ရင်းမှူးထံက ညွှန်ကြားချက်ကို မရတာလားတော့ မသိဘူး၊ တစုံတရာ တုံ့ပြန်လှုပ်ရှားမှု မရှိခဲ့ဘူး၊ စက်တင်ဘာ ၅ ရက်နေ့မှာ ပြည်သူတွေက လူမှုကွန်ရက်တွေမှာ တင်လာကြတယ်။ အဲဒီခါမှ နရေးဆွန်တပ်ဖွဲ့က ဝင်ရောက်လာတယ်။ မြန်မာစစ်သားတွေကို ပြန်ဝင်သွားအောင် လမ်းဖွင့်ပေးဖို့  KNLA / KNU ကရင်တပ်ကို သွားညှိနှိုင်းတယ်လို့ သိရတယ်၊  ၅ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာမှ ပြန်လည်ထွက်ခွာသွားတယ်။ စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့မှာ လက်နက်အပြည့်အစုံနဲ့ ထိုင်းဘက်ခြမ်း မီတာ ၅၀၀ လောက်ထိ ပြန်ဝင်လာပြီး ဈေးလာဝယ်ကြတယ်လို့ ဆိုပါတယ်။

မြန်မာစစ်သားတွေ ဝင်လာတဲ့ကိစ္စ နယ်စပ်နေ ထိုင်းပြည်သူတွေကို စိုးရိမ်ထိတ်လန့်စေပြီး ထိုင်း စစ်တပ်က အေးဆေးနေတဲ့အပေါ် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ လိုအပ်သလိုစစ်ဆေးပြီး ပြည်သူကိုရှင်းပြဖို့ လွှတ်တော်အမတ်က အဆိုပြုခဲ့ပါတယ်။ 

အောက်ခြေစစ်တပ်က KNLA နဲ့ လိုအပ်လို့ ညှိနှိုင်းလိုက်ရတာဆိုပေမဲ့ မကြာခဏ ညှိနှိုင်းရရင် ထိုင်းစစ်တပ်အနေနဲ့ ဘက်လိုက်ရာကျတယ်၊ တဘက်အဖွဲ့ကဝင်ရဖို့ တဘက်အဖွဲ့ကို လမ်းဖွင့်ပေးဖို့ ကြားထဲက ဝင်ပြောရတယ်၊ မြန်မာတပ်သားတွေ ထိုင်းဘက်မှာ ပစ္စည်းလာဝယ်တာကတော့ အမြဲလိုရှိပေမဲ့  လက်နက်အပြည့်အစုံပါတာတော့ ခွင့်မပြုသင့်ဘူးဘို့လည်း လွှတ်တော်အမတ်က ပြောပါတယ်။

ထိုင်းစစ်တပ်ဘက်ကတော့ နယ်စပ်အရေးအတွက် မြန်မာဘက်က တာဝန်ရှိသူ TBC နယ်ခြား ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးအောင်ဇော်မင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက် မြဝတီဗုံးကွဲမှုမှာ ခရိုင် အုပ်ချုပ်ရေးမှူးနဲ့အတူ သေဆုံးခဲ့လို့ ခုလို ကရင်တပ်ဖွဲ့နဲ့ သွားပြီးညှိနှိုင်းရတာလို့ အကြောင်းပြတယ်။  

မြန်မာတပ်ဖွဲ့ဝင် ၁၀၀ နီးပါး ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာထဲကို ကျွံဝင်လာမှုဟာ နယ်စပ် အရေးမဟုတ်ဘူး၊ နှစ်နိုင်ငံအရေး ဖြစ်တယ်၊ ဒီပြဿနာကို ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြေရှင်းရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာတပ်ဖွဲ့ဝင်တွေကို လမ်းဖွင့်ပေးဖို့ ထိုင်းစစ်တပ်က ဝင်ပြောပေးတဲ့အပေါ် နှစ်နိုင်ငံနယ်စပ်နေ မြန်မာနဲ့ ထိုင်းပြည်သူတွေ၊  မြန်မာစစ်တပ်ကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားတွေကြားမှာလည်း ကျယ်ပြန့်စွာ ပြောဆို ဝေဖန်နေကြတယ်။

အသစ်တက်လာတဲ့ ထိုင်းအစိုးရက ပြောကြားတဲ့  မူဝါဒတွေထဲမှာ နယ်စပ်နဲ့ပတ်သက်တဲ့ မူဝါဒမပါတာ နှမြောစရာကောင်းပါတယ်၊ နယ်စပ်ဒေသနေ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်ရော၊ စစ်ဘေးရှောင်ပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးဖို့အတွက်ပါ အစိုးရ အနေနဲ့ နယ်စပ်အရေးကိုလည်း အလေးအနက်ထားဖို့ တောင်းဆိုကြောင်း လွှတ်တော်အမတ် နိုင်းကန်ဝီ ဆိပ်ဆိုင်က ပြောတဲ့အကြောင်း Matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနယ်စပ်ဘက်ခြမ်း လေးတော်ခိုရွာမှာ တပ်စွဲလှုပ်ရှားနေတဲ့  စစ်ကောင်စီတပ်သားတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တားဆီး တိုက်ခိုက်တာတွေကြောင့် ပြည်တွင်းကို ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ ထိုင်းနယ်စပ်ဘက်ခြမ်းမှာ လှုပ်ရှားနေရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ နယ်မြေအနီး မြန်မာ- ထိုင်းနယ်စပ်ဘက်ခြမ်း လေးတော်ခို့ ကျေးရွာအနီးဝန်းကျင်မှာ စက်တင်ဘာ ၃ ရက်ကစတင်ပြီး စစ်ကောင်စီအင်အား ၈၀ လောက် ဝင်ရောက်တပ်စွဲလှုပ်ရှားနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်က  စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကြာအင်းဆိပ်ကြီးမြို့နယ် ဖူချိမုကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို စစ်ရဟတ်ယာဉ်နဲ့ ရောက်ရှိလာပြီး စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုးလှုပ်ရှားနေတာပါ။

အခုစစ်ကြောင်းဟာ ရိက္ခာပြတ်လပ်တာကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းဘက်ခြမ်း လေးတော်ခို့ ကျေးရွာအနီးဝန်းကျင်ကို ဝင်ရောက်သွားခဲ့ကာ ပြည်တွင်းပြန်လည်ဝင်ရောက်ရာမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက  တားဆီးတိုက်ခိုက်တာတွေကြောင့် ထိုင်းနယ်စပ်အနီးမှာ တပ်စွဲလှုပ်ရှား နေရတာလို့ KNLA တပ်မဟာ ၆ တပ်မှူးတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေ ထိုင်းနယ်စပ်အနီးတလျှောက် ဝင်ရောက်လှုပ်ရှားနေတဲ့အပေါ်  ထိုင်းတာဝန်ရှိသူတွေက ခွင့်ပြုထ ဒီကနေအထိ ပြန်လည်ထွက်ခွာတာမရှိဘဲ ဝင်ရောက်တပ်စွဲပြီးလှုပ်ရှားနေတာပါ။ 

အခုလို စစ်ကောင်စီ စစ်ကြောင်းတွေ နယ်စပ်တလျှောက်လှုပ်ရှားသွားလာနေတာကို နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြည့်နေပြီး တိုက်ပွဲတွေဖြစ်ပွားလာမှာကို လေးတော်ခိုရွာအနီးအနားက ဒေသခံတွေ စိုးရိမ်နေရပါတယ်။

တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြဝတီမြို့တောင်ဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေက မြေပြင်လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖောထူးလာထ၊ ကလာဝေါကျေးရွာက ဒေသခံပြည်သူ ၄၀၀ ကျော်ဟာ ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ထိုင်းနိုင်ငံဘက်အခြမ်းကို စစ်ဘေးရှောင်ပြည်သူတွေ ဝင်ရောက်တိမ်းရှောင်ရာမှာတော့ ထိုင်အာဏာပိုင်တွေက ဝင်ရောက်ခွင့်မပေးတဲ့အပြင် ထိုင်းနယ်စပ်တလျှောက်ကို လုံခြုံရေး တိုးမြှင့်ပြီး စောင့်ကြည့်နေတာကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေဆီက သိရပါတယ်။ 

Source- Matichon

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024