DVB Logo
Home
မြန်မာသတင်း
ကနီမြို့တွင် စစ်ကောင်စီစခန်းအချို့၊ စစ်သင်္ဘော ၂ စီးနှင့် ဖလပ်မော်တော်များ တိုက်ခိုက်ခံရ
DVB
·
September 13, 2023
ကနီမြို့တွင် စစ်ကောင်စီစခန်းအချို့၊ စစ်သင်္ဘော ၂ စီးနှင့် ဖလပ်မော်တော်များ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက  စက်တင်ဘာ ၁၂ ရက် မနက် ၁၁ နာရီလောက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေကဆီက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီအထိုင်တပ်စခန်းတွေကတော့ မြန်မာ့စီးပွားရေးဘဏ် အစောင့်တပ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး တည်ရှိတဲ့ တောင်ကုန်းပေါ်မှ အထိုင်တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနဲ့ ရပ်ကွက် ၃ မူလတန်းကျောင်းမှာ တပ်‌စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“မနေ့က ချင်းတွင်းမြစ်ထဲကနေ ဆန်တက်လာတဲ့ စစ်ကောင်စီမော်တော်တွေက  ကျနော်တို့ ကနီမြို့ ချင်းတွင်းမြစ်ကမ်းဘေးနေတဲ့ ဒေသခံတွေရဲ့ ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ လုပ်တာကို မကျေနပ်လို့ အခုလို မြို့ထဲအထိ ဝင်ရောက်တိုက်ခိုက်ရတာဗျ။ ကျနော်တို့ရဲဘော်တွေက ရပ်ကွက် ၃ ထဲကနေ ဝင်တဲ့အချိန်မှာ သတင်းက ပေါက်သွားတဲ့ပုံရတယ်။ စစ်ကောင်စီက ကျနော်တို့ဝင်လာပြီဆိုကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စပစ်တယ်။ နောက်ပိုင်း ကျနော်တို့ဘက်ကလည်း ပြန်ပစ်ပြီး နောက်ဆုတ်ခဲ့တယ်။ စစ်ကောင်စီဘက်က အကျအဆုံး မသိရသလို ကျနော်တို့ဘက်ကတော့ အကျအဆုံးမရှိခဲ့ဘူး” လို့ DRPA အဖွဲ့ခေါင်းဆောင် ကိုလင်းနွေက ပြောပါတယ်။

အခုတိုက်ခိုက်မှုကို DRPA ယင်းမာပင်ခရိုင်တပ်ရင်း-၃၀၊ ဒေါင်းမင်းစစ်ကြောင်း အညာတခွင်၊ အေကေပြောက်ကျားတပ်ဖွဲ့နဲ့ FBGA အဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်မတော် (DRPA) အဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ အာဏာရှင်ကို အမြစ်ဖြတ် တိုက်နိုင်ဖို့ရာ ကျည်ဖိုးလိုအပ်နေတာကြောင့် အလှူရှင်တွေအနေနဲ့ DRPA အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ မက်ဆင်ဂျာကနေ လှူဒါန်းပေးကြဖို့ DRPA အဖွဲ့တာဝန်ရှိသူက ထပ်မံဖြည့်စွက် ပြောကြားပါတယ်။ 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမြို့၊ မင်းဒေါ့င်ဆိပ်ကမ်းကနေ စက်တင်ဘာ ၁၁ ရက် မနက် ၁၀ နာရီလောက်က ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီ ဖလပ်မော်တော်တွေကို ကနီမြို့နယ် တနေရာမှာ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေး ခေါင်း‌ဆောင်တွေရဲ့ ပြောပြချက်အရ သိပါတယ်။

စစ်ကောင်စီတပ်က ဖလပ်မော်တော် ၄ စီး၊ စစ်သင်္ဘော ၂ စီးနဲ့ လူစီး‌မော်တော်အမြန်ရေယာဉ် ၁ စီး၊ စုစုပေါင်း မော်တော် ၇ စီးနဲ့ ဆန်တက်လာတာလို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ဒေသခံ LPDF ခေါင်းဆောင်တဦးက “သူတို့ အထက်ကို ဆန်တက်လာကတည်းက ကနီမြို့နယ်အတွင်းကို ရောက်တာနဲ့ မြစ်ကမ်းဘေးတွေကို လက်နက်ကြီးတွေနဲ့ အသကုန် ပစ်တက်လာတယ်။ သပြေတော၊ အုန်းပင်ဆိပ်ရွာတွေနား ရောက်တာနဲ့ အသကုန်ပစ်တော့တာပဲဗျ။ ကျနော်တို့အဖွဲ့တွေနဲ့ စက်တင်ဘာ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်တာဗျ။ အဲဒီလို တိုက်ပွဲဖြစ်ရင်း စစ်ကောင်စီ မော်တော်ပေါ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရဲဘော်တဦး ကျဆုံးခဲ့တယ်။ ၂ ဦး ဒဏ်ရာရခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ ဖလပ်‌မော်တော်ကတော့ စက်တင်ဘာ ၁၁ ရက် ညနေခင်း ကနီမြို့ဆိပ်ကမ်းမှာ ညအိပ်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက် မနက် ၅ နာရီခွဲမှာ ကနီဆိပ်ကမ်းကနေ ထွက်ခွာပြီး ချင်းတွင်းမြစ် အထက်ပိုင်းကို ဆန်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီ ဖလပ်မော်တော်တွေဟာ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ ဖလပ်မော်တော်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီတိုက်ပွဲကို မျိုးဆက်သစ်ညီနောင်များအဖွဲ့ရဲ့ တပ်ရင်း-၁၊ တပ်ဖွဲ့-၁၊ Monywa Underground Guerrilla Force (M.U.G.F) နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိမိတို့နဲ့သက်ဆိုင်တဲ့ နေရာတွေကနေ စစ်ကောင်စီ ဖလပ်မော်တော်တွေကို ပစ်ခတ်ခဲ့ကြတာလို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013