
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မှုတ်ရှည်ရပ်ကွက်၊ ဓမ္မထေရီပန်ထွာကျောင်းမှာ နေထိုင်တဲ့ သီလရှင်တပါးက သပိတ်ကိုင်ပြီး ဆွမ်းခံထွက်တာနဲ့ ဆွမ်းစားနေပုံတွေကို “ထေရီပန်ထွာ” ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်ခဲ့တာကြောင့် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ ပျံ့နှံ့လာခဲ့ပြီး စက်တင်ဘာ ၁၁ ရက်က လူဝတ်လဲကာ နယ်နှင်ဒဏ်ပေးခံခဲ့ရပါတယ်။
အဆိုပါ သီလရှင်ကို ပြည်မြို့ သံဃနာယအဖွဲ့ဆရာတော်ကြီးတွေ၊ မြို့နယ်သီလရှင်အမှုဆောင် အဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့တွေက စစ်ဆေးဆုံးမခဲ့ပြီး ဝန်ခံကတိပြု လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။
ဗုဒ္ဓသာသနာ့ဝန်ထမ်းတပါးက “ရဟန်းအသုံးအဆောင်တွေကို ရဟန်းမဟုတ်ဘဲ ဘာလို့ လိုက်မသုံးသင့်သလဲဆိုတော့ (ဝိနယသင်္ဂဟ၊ဋ္ဌ၊၁၃) မှာ ပါတဲ့စာအရ သပိတ်၊ သင်္ကန်း စတဲ့ ရဟန်းအသုံးပြုအပ်တဲ့ အသုံးအဆောင်တွေဟာ ရှိခိုးပူဇော်ရာ စေတီထိုက်လို့ ရဟန်း၊ ကိုရင် မဟုတ်ဘဲ ပန်းကန်အဖြစ် အသုံးမပြုသင့်ပါလို့ ပါတယ်။ သပိတ်မှ မဟုတ်ပါဘူး၊ သင်္ကန်းဆိုလည်း ဟောင်းသွားလို့ တချို့နေရာတွေမှာ လက်နှီးစုတ်တို့ လက်သုတ်ပဝါတို့ ခြေသုတ်ဝတ်တို့ မလုပ်ကောင်းပါဘူး။ သီလရှင်ဆိုတာ သီလရှိသူလို့ပဲ ညွှန်းလို့ရမှာ။ ဥပုသ် ၈ ပါးသီလ ယူထားလို့ လူထက်တော့ သီလအရ မြင့်မြတ်တဲ့ သာသနာ့နွယ်ဝင်ပါပဲ။ ရဟန်းလို ပုံစံမျိုးတော့ မလုပ်ကောင်းပါဘူး။ ဗုဒ္ဓလက်ထက်တော်က ဘိက္ခုနီသာသနာလည်း မရှိတော့ပါဘူး” လို့ ပြောပါတယ်။
လူဝတ်လဲခံရတဲ့ အမျိုးသမီးဟာ သီလရှင်အဖြစ် ၁ နှစ်သာ ဝတ်ထားသူဖြစ်တဲ့အပြင် သီလရှင်အမည် ဒေါ်ပညာနန္ဒီ၊ လူအမည် ဒေါ်မာမာလွင်၊ အသက် ၅၄ နှစ် ရှိပြီဖြစ်ပြီး ပဲခူးတိုင်း၊ ပြည်မြို့ကို ရန်ကုန်၊ လှိုင်သာယာမြို့နယ်ကနေ သီလရှင်ဝတ်နဲ့ ဝါဆိုဖို့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဝန်ခံစာမှာ အဆိုပါအမျိုးသမီးဟာ သီလရှင်သက်တမ်း ၁ နှစ်သာ ရှိသေးတဲ့အတွက် စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို မသိဘဲ သပိတ်နဲ့ ဆွမ်းခံ၊ ဆွမ်းစားခဲ့တာဖြစ်ပြီး သူအသုံးပြုတဲ့ ထေရီပန်ထွာ ဖေ့စ်ဘွတ်ခ်အကောင့်ကိုပါ အသုံးမပြုတော့ဘူးလို့ ရေးသားထားပါတယ်။