DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်၊ ဟင်္သာတတွင် အိမ်ခြေ ၂၀၀ ခန့်ရွှေ့ပြောင်း
DVB
·
September 12, 2023
ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်၊ ဟင်္သာတတွင် အိမ်ခြေ ၂၀၀ ခန့်ရွှေ့ပြောင်း
Donate to DVB

ဧရာဝတီမြစ်ရေက စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေတာကြောင့် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တွင်းက မြစ်ကမ်းနံဘေး ကျေးရွာတွေမှာ မြစ်ရေတိုက်စားလို့ ကမ်းပါးပြိုပြီး အိမ်ခြေ ၂၀၀ လောက် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အထူးသဖြင့် ဧရာဝတီမြစ်အနီးမှာရှိတဲ့ အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ်၊ တာငုတ်၊ ငှက်ပျောတော၊ အုန်းတော စတဲ့ကျေးရွာတွေက နေအိမ်တွေ ရေဘေးသင့်ခဲ့ပြီး ဘေးလွတ်ရာမှာ ရွှေ့ပြောင်းနေရတယ်လို့ ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ဟင်္သာတခရိုင် ပရဟိတ ကူညီကယ်ဆယ်ရေးအသင်းက “အခုက ရေဘေးကြောင့် ရွှေ့ပြောင်းရတဲ့ အိမ်ခြေက ၂၀၀ လောက် ဖြစ်သွားပြီ။ ရွှေ့ရတာ ၄၊ ၅၊ ၆ ကြိမ်လောက် ရှိတယ်။ ဇွန်၊ ဇူလိုင်က ရေစတက်တာကိုး။ တာတွေက အများကြီး ထောင်ထားတာလေ။ အပြင်တာ အတွင်းတာ ဆိုပြီး။ တာက ကျိုးသွားတာ။ တာက ကျိုးသွားတော့ အဝိုင်းထဲကို ရေဝင်တယ်။ အဝိုင်းထဲက အိမ်တွေကို ဘေးလွတ်ရာရွှေ့တယ်။ ကမ်းပြိုကျလို့ ရွှေ့ရတာတွေ ရှိတယ်။ ဘုန်းကြီးကျောင်းတွေ ရွှေ့ရတာရှိတယ်။ အဓိကက ရေက ထပ်တက်တယ်။ ထပ်တက်နေတော့ ပထမရွှေ့ခဲ့တဲ့နေရာက ရေတက်လာတော့ နောက်ထပ် ရေလွတ်တဲ့နေရာကို ရွှေ့ပေးရတယ်။ မိုးရွာတော့ မြစ်ရေက ဆက်တိုက်တက်နေတာ။ ဆက်တိုက် မြစ်ရေတက်နေတာဆိုတော့ ထပ်ပြီးတော့ ရွှေ့ပြောင်းပေးရမယ် ထင်တယ်။ ဒေသခံတွေ လိုအပ်ချက်က အစားအသောက်ပေါ့ဗျာ။ ချက်စားဖို့လည်း မလွယ်ဘူး။ အလှူရှင်တော့ လိုတာပေါ့။ ရေသန့်ကအစ ဘာညာ။ ရေသန့်သောက်စရာ ကန်တွေဘာတွေကအစ မရှိဘူး။ ဆေးဝါးလည်း လိုတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ ဟင်္သာတမြို့နယ်တွင်းက ကျေးရွာ ၄ ရွာကနေ လူပေါင်း ၁၁,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပြီး စားသောက်ရေးနဲ့ ဆေးဝါးတွေ ကူညီပေးနေရတယ်လို့ ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့တွေက ပြောပါတယ်။

ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့နယ်မှာ စိုးရိမ်ရေမှတ်အထက် ၈ လက်မလောက် ကျော်လွန်နေပြီး နောက် ၂ ရက်နေမှ စိုးရိမ်ရေအမှတ်အောက် ကျဆင်းနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းအတွင်း ငသိုင်းချောင်းမြို့နယ်မှာ ငဝန်မြစ် စိုးရိမ်ရေအမှတ်အထက် ၁၁ လက်မ ကျော်လွန်နေပြီး နောက် ၂ ရက်အထိ စိုးရိမ်ရေအမှတ် ဆက်ရှိနေမယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဟင်္သာတမြို့နယ်တွင်းက ကျေးရွာတွေမှာ ရေကြီးမြေပြိုမှုတွေ ကြုံနေရပေမဲ့ လူသေဆုံးမှု မရှိဘဲ နေအိမ်တွေ အဓိက ရေမြုပ်ပျက်စီးတာကို ကူညီပြောင်းရွှေ့ပေးရတယ်လို့ ဇလွန်မြို့ ပရဟိတ လူမှုကူညီကယ်ဆယ်ရေး အသင်းတသင်းက ပြောပါတယ်။

“ရေကတော့ တက်နေတယ်။ လက်ရှိအနေအထားအရ ကမ်းတွေက ပြိုပြိုလိုက်လာတဲ့အခါ ကမ်းပြိုတဲ့နေရာတွေနဲ့ မလွတ်တဲ့အိမ်တွေက ကျေးရွာအုပ်စုကနေ အကူအညီ တောင်းလာတဲ့အခါ ကျနော်တို့အသင်းအဖွဲ့တွေ အင်အား ၃၀ လောက်နဲ့ အိမ်ရွှေ့ပြောင်းတာတို့ ပစ္စည်းတွေသယ်တာတို့ လုပ်ပေးတယ်။ သေဆုံးသူတော့ မရှိဘူး။ ပျက်စီးဆုံးရှုံးမှုတော့ ရှိတယ်။ တချို့ဆို အိမ်ကလွတ်မလားဆိုပြီး ရွှေ့ပြောင်းရင်း ရွှေ့ပြောင်းရင်းနဲ့ ရွှေ့ရွှေ့လာတာ တချို့အိမ်တွေဆို ၅ ခါမြောက် ရွှေ့ပြောင်းတာရှိတယ်။ ၄ ခါမြောက် ရွှေ့ပြောင်းတာရှိတယ်။ ၃ ခါမြောက်ရှိတယ်။ အခုမှ တကြိမ် စပြီးပြောင်းရတဲ့ အိမ်တွေလည်း ရှိတယ်။ ရေမြုပ်တာတွေကတော့ ကမ်းအပြင်ဘက် မြစ်ကမ်းစပ် မြေပြန့်တွေမှာဆို အိမ်ခေါင်မိုးလောက်ထိ မြုပ်တာတွေရှိတယ်။ အိမ်ကြီးအိမ်ကောင်းတွေဆို အပေါ်ဆင့်လောက်ထိ မြုပ်တယ်။ အလယ်လတ်အိမ်တွေ အိမ်ငယ်တွေဆို ပေါင်အထိ မြုပ်တာတွေရှိတယ်။ အဲ့ကျတော့ ဖျက်ပြီးတော့ ရွှေ့ကြတာပေါ့” လို့ ဇလွန်မြို့ ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအသင်းမှာ ပါဝင်ကူညီသူက ပြောပါတယ်။

ဧရာဝတီမြစ်ရေနဲ့ ငဝန်မြစ်ရေ ဆက်တိုက်တက်နေတာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ ရေကြီး မြေပြိုတဲ့ ဘေးအန္တရာယ် သတိထားကြဖို့ မိုးဇလက ထုတ်ပြန်ပါတယ်။ အထူးသဖြင့် ဧရာဝတီတိုင်း ဟင်္သာမြို့နယ်၊ ဆိပ်သာမြို့၊ ဇလွန်မြို့၊ ငါးသိုင်းချောင်းနဲ့ သာပေါင်းမြို့နယ် နေထိုင်သူတွေ သတိပြုကြဖို့ သတိပေးထားပါတယ်။

စက်တင်ဘာ ၁၁ ရက်ကနေ ၁၇ ရက်အတွင်း မုတ်သုံလေ အားကောင်းတာကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မိုးကြီးနိုင်ပြီး မိုးကြီးတာရဲ့ နောက်ဆက်တွဲအနေနဲ့ မြစ်ရေကြီးတာ၊ မြေပြိုတာနဲ့ ရေဘေးအန္တရာယ်တွေ သတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013