DVB Logo
Home
မြန်မာသတင်း
စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပု‌လောမြို့နယ်၌ PDF ၁ ဦးကျဆုံး၊ တနင်္သာရီဒေသခံများ တိမ်းရှောင်
DVB
·
September 12, 2023
စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပု‌လောမြို့နယ်၌ PDF ၁ ဦးကျဆုံး၊ တနင်္သာရီဒေသခံများ တိမ်းရှောင်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စက်တင်ဘာ ၁၁ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်စ ထိမှန်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တဦး ကျဆုံးကာ တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း-၁ ထံက သိရပါတယ်။

အသက် ၃၀ နီးပါးအရွယ် တပ်စိတ်မှူး ရဲဘော်ဇင်ကိုဟာ မနေ့က စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြဒေါင်ရွာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ပုလောအခြေစိုက် ၂၈၅ တပ်ရင်း၊ တိုတောင်ပေါ်နဲ့ ရေတပ် စစ်သင်္ဘောတွေဆီကနေ မြဒေါင်ရွာနဲ့ ပိတပ်ရွာကို လက်နက်ကြီးနဲ့ အချက် ၅၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက  “ညဦးလောက်မှာ ရဲဘော်တွေနေတဲ့အိမ်ပေါ် လက်နက်ကြီး တည့်တည့်ကျတာပါ။ တပ်စိတ်မှူး ရဲဘော်ဇင်ကိုက ပွဲချင်းပြီးဆုံးပြီး ရဲဘော်တချို့ ဒဏ်ရာရပါတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက် မနက်ပိုင်း ပုလောမြို့နယ်၊ ပိတပ်ရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲနောက်ပိုင်း ညဦးလောက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပုလောမြို့နယ်၊ ပိတပ်ရွာမှာ အိမ်ခြေ ၁၇၀ ဝန်းကျင်နဲ့ မြဒေါင်ရွာမှာ အိမ်ခြေ ၂၉၀ ဝန်းကျင်ရှိပြီး စက်တင်ဘာ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်ပွားပြီးနောက် ပိတပ်ရွာသား ၁ ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ အခုလက်ရှိမှာတော့ ပိတပ်ရွာနဲ့ မြဒေါင်ရွာက ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာတော့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာနေသူတချို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

တနင်္သာရီမြို့ရှိ စစ်ကောင်စီတပ် အထိုင်ချထားတဲ့ လေသာတောင်ပေါ်ကနေ ဘန်လောကျေးရွာ ဘက်ကို စက်တင်ဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ဒေသခံပြည်သူတဦးက “ဘာကြောင့်ပစ်လဲဆိုတာတော့ မသိရသေးဘူး။ လက်နက်ကြီးက ဘန်လောလမ်းဆုံမှာကို ကျတာဆိုတော့လေ။ အဲဒီနားမှာနေတဲ့သူတွေက ဘုန်းကြီးကျောင်းတွေမှာ ရှောင်ပြီး နေနေကြတယ်။ အဲနားအိမ်တွေက အမြဲထိနေတာ” လို့ ပြောပါတယ်။

ဘန်လောကျေးရွာလမ်းဆုံကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနီးတဝိုက်မှာ နေထိုင်တဲ့ ဒေသခံတချို့ ဘေးလွတ်ရာနေရာတချို့နဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက် တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ကျေးရွာသားတဦးက “ခဏရှောင်နေတာလောက်ပါပဲ။ ငြိမ်သွားရင် ပြန်လာနေကြတာပဲ။ ဘုန်းကြီးကျောင်းမှာ အိပ်တာများတယ်။ လက်နက်ကြီးအသံ ကြားတာနဲ့ ဘုန်းကြီးကျောင်းတို့ လုံခြုံတဲ့အိမ်တွေမှာ စုပြီးနေကြတာ များတယ်။ လုံးဝမနေတော့တဲ့အိမ်တွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ဘန်လောကျေးရွာမှာ အိမ်ခြေပေါင်း ၃ဝဝ ကျော်ရှိပြီး လက်နက်ကြီး မကြာခဏ ကျရောက်တဲ့အတွက် ကျေးရွာနေပြည်သူတချို့ မြို့ပေါ်မှာ သွားရောက်နေထိုင်နေကြရတယ်လို့ သိရပါတယ်။

ဘန်လောကျေးရွာအုပ်စုနဲ့ ဘန်းလမွတ်ကျေးရွာအုပ်စုတို့အပြင် မော်တုန်းကျေးရွာအုပ်စုတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်ကလည်း တနင်္သာရီမြို့ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ၃ဝ၆ အမြောက်တပ်‌ကနေ လက်နက်ကြီး ၁ဝ ချက်လောက် ပစ်ခတ်တာကြောင့် ဘန်လောရွာက နေအိမ် ၁ လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013