DVB Logo
Home
မြန်မာသတင်း
မလေးရှားသင်္ဘောမှောက်ပြီး သေဆုံးခဲ့သည့် မြန်မာသင်္ဘောသား ၃ ဦးကို သင်္ဂြိုဟ်
DVB
·
September 12, 2023
မလေးရှားသင်္ဘောမှောက်ပြီး သေဆုံးခဲ့သည့် မြန်မာသင်္ဘောသား ၃ ဦးကို သင်္ဂြိုဟ်
Donate to DVB

မလေးရှားကုန်တင်သင်္ဘော MV Tung Sung တိမ်းမှောက်မှုမှာ ပါဝင်သွားတဲ့ မြန်မာသင်္ဘောသား ၄ ဦးအနက် ၃ ဦးရဲ့ ရုပ်အလောင်းတွေကို စက်တင်ဘာ ၁၁ ရက်က မလေးရှားနိုင်ငံ၊ ဆာရာဝတ်ပြည်နယ်၊ ကူချင်းမြို့မှာ ကာယကံရှင် မိသားစုဝင်တွေ မပါဘဲ သင်္ဂြိုဟ်လိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဇူလိုင် ၁၉ ရက်က မလေးရှားပင်လယ်ပြင် သင်္ဘောတိမ်းမှောက်မှုမှာ  ကယ်ဆယ်ရေးအဖွဲ့က ဆယ်ယူရရှိထားတဲ့ ရုပ်အလောင်း ၅ လောင်းအနက် ဆာရာဝတ်ဆေးရုံ DNA စစ်ဆေးချက်အရ ၃ ဦးဟာ မြန်မာသင်္ဘောသားတွေဖြစ်တဲ့ ကိုလှဝင်းထွန်း (၂၄-နှစ်)၊ ကိုထွန်းလင်းဦး (၂၀-နှစ်)၊ ကိုရဲလင်းထက် (၂၁-နှစ်) တို့ဖြစ်ကြောင်း သင်္ဘောတိမ်းမှောက်ပြီး ၂ လနီးပါးကြာမှ ခွဲခြားသတ်မှတ်‌ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ကိုရဲလင်းထက်ရဲ့ မိခင်က “DNA အတည်ပြုချက်အရ ကျမသား ဖြစ်ကြောင်းကို ဩဂုတ်လ ၂၈ ရက်က အကြောင်းကြားပါတယ်။ လိုက်ပါသင်္ဂြိုဟ်နိုင်ဖို့ အားလုံးပြင်ဆင်ပြီးသားပါ။ ပတ်စ်ပို့စာအုပ်တွေတောင်းလို့ စနေနေ့အမီ ကားနဲ့ ကုမ္ပဏီကို ပို့ပေးခဲ့‌သေးတယ်။ ဒါပေမဲ့ ခုတော့ လိုက်ပါသင်္ဂြိုဟ်ခွင့် မရခဲ့ပါဘူး။ ဝမ်းနည်းတာကလွဲပြီး ပြောစရာစကား မရှိပါဘူး၊ ဘာမှလည်း ဆက်မလုပ်တတ်တော့ဘူး” လို့ ပြောပါတယ်။

မြန်မာ ၄ ယောက် ပါသွားတဲ့အထဲမှာ ၃ ယောက်က အလောင်းရှာတွေ့ပြီး DNA စစ်ဆေး အတည်ပြုနိုင်ခဲ့ပေမဲ့ ကိုသက်မင်းဂျူလိုင် (၂၃-နှစ်) ကတော့ ဒီကနေ့အထိ ပျောက်ဆုံးဆဲ ဖြစ်ပါတယ်။

သင်္ဘောတိမ်းမှောက်မှုမှာ ပါဝင်ခဲ့တဲ့ သင်္ဘောသားလူသစ် ၄ ဦးဟာ မြန်မာပြည် သင်္ဘောသား အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ Global Max Asia ကုမ္ပဏီနဲ့ ချိတ်ဆက်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ သေဆုံးသွားတဲ့ သ‌င်္ဘောသားတွေကိစ္စနဲ့ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ Global Max Asia ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်လတ်က‌ “စဖြစ်ကတည်းက DNA အဖြေရတာနဲ့ မိသားစုဝင်တွေ လိုက်ပါသင်္ဂြိုဟ်နိုင်အောင် စီစဉ်‌ပေးထားတာပါ။ အခုဟာက မလေးရှားရဲဌာနကို ဖိတ်ခေါ်စာတောင်းတာ ဗီဇာအတွက်၊ ရဲဌာနက ရဲအမှုအတွက် ခေါ်စာမပေးပါဘူး။ ဆေးရုံကလည်း ထားလို့မရ‌တော့ဘူးလို့ ပြောတယ်လို့ သိရတယ်။ မြန်မာသံရုံးဘက်က သင်္ဂြိုဟ်ဖို့ အကြောင်းကြားစာ ရတဲ့အတွက် သူတို့ သင်္ဂြိုဟ်ရတယ်လို့ မလေးကုမ္ပဏီဘက်က ပြောပါတယ်။ ကျနော်လည်း မိသားစုဝင်တွေကို ရအောင် တကယ်ခေါ်သွားချင်တာပါ။ တခါတည်း အာမခံကြေးကိစ္စတွေ ဆောင်ရွက်နိုင်အောင်ပါ” လို့ ပြောပါတယ်။

လိုက်ပါသင်္ဂြိုဟ်ခွင့်ရရင်တောင် မိသားစုထဲက မလိုက်နိုင်ကြောင်းကို ကိုလှဝင်းထွန်းရဲ့ ရည်းစားဖြစ်သူကတော့ ခုလိုပြောပါတယ်။

“အစ်ကို့အဖေက မျက်စိမမြင်ဘူးလေ၊ အစ်ကို့အမေကလည်း သွားဖို့လာဖို့ အဆင်မပြေဘူး။ ချက်ချင်းဆိုတော့ ပတ်စ်ပို့လုပ်ဖို့မလွယ်ဘူး။ ထွန်းလင်းဦးနဲ့ ရဲလင်းထက်တို့အိမ်ကတော့ ကုမ္ပဏီအစီအစဉ်နဲ့ မလေးရှားသွားဖို့ ပြင်ဆင်ထားခဲ့တာလို့ သိရတယ်။ စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာများတတ်နိုင်ဦးမှာလဲ။”

မြန်မာသင်္ဘောသား ၄ ဦးနဲ့ တခြားနိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၈ ဦး ပါဝင်တဲ့ MV Tung Sung သင်္ဘောဟာ ဇူလိုင် ၁၉ ရက်က မလေးရှားနိုင်ငံ ဆာရာဝတ်ပြည်နယ်၊ ကိုချင်းမြို့မှ ဆာရီကိုင်း ဆိပ်ကမ်းကို ဦးတည်ထွက်ခွာစဉ် ဆဘူရောင်ဆိပ်ကမ်းရဲ့ အနောက်မြောက်ဘက် ရေမိုင် ၄ မိုင်အကွာမှာ ရာသီဥတု ဆိုးဝါးမှုကြောင့် တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

 ရှာဖွေကယ်ဆယ်မှုတွေအရ ရုပ်အလောင်း ၅ ဦးအထိ ရှာဖွေနိုင်ခဲ့ကာ တလကျော်ကြာမှ သေဆုံးသူ ၅ ဦးရဲ့ DNA စစ်ဆေးမှု အတည်ပြုနိုင်ပြီး ကျန် ၃ ဦးကတော့ ဒီကနေ့အထိ ပျောက်ဆုံး‌နေတာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013