DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆို စစ်ရှောင်များနှင့် ကလေးမြို့နယ်က CDM ဆရာများကို ထောက်ပံ့လှူဒါန်း 
DVB
·
September 12, 2023
ဒီးမော့ဆို စစ်ရှောင်များနှင့် ကလေးမြို့နယ်က CDM ဆရာများကို ထောက်ပံ့လှူဒါန်း 
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းနှစ်ခုကို စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့က ရိက္ခာတွေနဲ့ အဝတ်အထည်တွေ သွားရောက် လှူဒါန်းခဲ့တယ်လို့ Jobs for Kayah တာဝန်ရှိသူတယောက်က ပြောပါတယ်။

“စခန်းတခုက ရိက္ခာပြတ်တောက်နေလို့ ကျနော့်ဆီလာပြီး အကူအညီတောင်းတဲ့အတွက် အရေးပေါ် ကူညီပေးတာပါ။ နောက်တခုကျတော့ အဝတ်အထည်နဲ့ စာရေးကိရိယာတွေ ထောက်ပံ့ပေးခဲ့ပါတယ်ဗျ။”

စစ်ရှောင်စခန်းတနေရာမှာ ဆန်၊ ငါးသေတ္တာ၊ ကြက်ဥ၊ အမျိုးသမီးဝတ် အတွင်းဝတ်၊ အမျိုးသားဝတ် အတွင်းဝတ်တွေကို လှူဒါန်းခဲ့ပြီး ကလေးငယ် အယောက် ၁၀၀ ကျော်အတွက် တယောက်ကို မုန့်ဖိုး ၁,၀၀၀ နှုန်း ပေးခဲ့တယ်လို့ ပြောပါတယ်။

နောက်ထပ်စခန်းတခုမှာတော့ စာရေးကိရိယာတွေ၊ ကလေးအဝတ်အထည်တွေနဲ့ အတွင်းခံ အဝတ်အထည်တွေကို လှူဒါန်းခဲ့ပြီး စာသင်ကျောင်းက မိုးကာတွေက အသုံးပြုတာ ကြာပြီဖြစ်တဲ့အတွက် ဆွေးမြည့်ကုန်တယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းနှစ်ခုမှာ အိမ်ခြေ ၄၉ လုံးရှိပြီး လူဦးရေ ၂၄၃ ဦးနေထိုင်နေကာ Jobs for Kayah က လွန်ခဲ့တဲ့ ၆ လ ဆောက်လုပ်ပေးခဲ့တဲ့ စာသင်ကျောင်းရဲ့ မိုးကာက ဆွေးမြည့်လာတဲ့အတွက် မိုးကာလိုအပ်နေတယ်လို့ ပြောပါတယ်။

Jobs for Kayah အဖွဲ့က ကရင်နီမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ပညာရေးအပိုင်း၊ ကျန်းမာရေးအပိုင်းနဲ့ ရိက္ခာပိုင်းတွေမှာ ပြည်တွင်းပြည်ပက အလှူရှင်တွေကိုယ်စား လှူဒါန်းပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်နဲ့ CDM ဆရာ ဆရာမတွေကို လူသားချင်းစာနာကူညီရေးအဖွဲ့က စားနပ်ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၀ ရက်က တင်သားအုပ်စုက စစ်ဘေးရှောင်အိမ်ထောင်စု ၃၇ စုနဲ့ မြို့နယ်တောင်ပိုင်းက ခက်ခဲနေတဲ့ CDM ဆရာ ဆရာမ ၃၀ ဦးကို ကူညီထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

ကလေးမြို့နယ်က စစ်ဘေးရှောင်တွေ ကူညီပေးနေတဲ့ ကိုသူရိန်က “ကျနော်တို့အဖွဲ့တွေက ပြည်ပက မြန်မာလုပ်သား အကူအညီတွေနဲ့ ခွဲဝေပြီး ထောက်ပံ့ပေးခဲ့တာပါ။ အခုက အိမ်ထောင်စု ၃၇ စုစာအတွက် ဆန် ၃၇ တင်း၊ CDM ဆရာ ဆရာမတွေကိုက တဦးကို ၅ သောင်းနှုန်းနဲ့ ၃၀ ဦး ထောက်ပံ့ခဲ့တာ” လို့ ပြောပါတယ်။

လက်ရှိ ကလေးမြို့နယ်မှာ စစ်ဘေးရှောင်တွေ တိုးလာတာနဲ့ အကူအညီတွေ ဆက်လက်လိုအပ်နေဆဲဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ဆန်ဈေး၊ ဆီဈေး ကြီးမြင့်မှုတွေကြောင့် စစ်ရှောင်တွေမှာ အခက်တွေ့ရတယ်လို့ ဆိုပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်ရှိပြီး စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ ကျော် နေထိုင်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေရဲ့ စစ်တမ်းအရ သိရပါတယ်။

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဟာ  စစ်အာဏာရှင်တပ်တွေကို အပြင်းအထန် ခုခံတော်လှန် နေကြတဲ့ အဓိက ဒေသတွေဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှု အပါအဝင်   အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့ စစ်ဘေးသင့်ဒေသတွေဖြစ်ပါတယ်။ 

ဓာတ်ပုံ-TRZ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013