ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ငါးမြစ်ချင်းတင်ပို့မှု လက်တွေ့ လုံးဝမဖြစ်နိုင်ဘူးလို့ ဒေသခံ ငါးမြစ်ချင်း ကုန်သည်တွေက ပြောပါတယ်။
ငါးမြစ်ချင်းကုန်သည်ကြီးတဦးက “စစ်တွေကနေ ဘင်္ဂလားကို ကုန်သွယ်ဖို့ တခြားကုန်ခြောက်တွေ ရရင်ရမယ်ဗျာ။ ငါးမြစ်ချင်းကတော့ လုံးဝသယ် မရနိုင်ဘူး။ စစ်တွေက သင်္ဘောတစီးထွက်ဖို့ ငါးမြစ်ချင်းကား စောင့်ရတာနဲ့ ချရတာနဲ့ ပင်လယ်ပြင်မှာ ကြာမယ့်အချိန်တွေနဲ့ဆို ငါးတွေ အကုန် ပျက်စီးသွားမှာ” လို့ ပြောပါတယ်။
စက်တင်ဘာ ၄ ရက်က စတင်ပြီး ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆန်၊ ကြက်သွန်နီ စတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေအပြင် ရေချို၊ ရေငန် ငါးမျိုးစုံတို့ကို စစ်တွေကုန်သွယ်ရေးစခန်းကသာ ဘင်္ဂလားဘက် တင်ပို့ခွင့်ပြုသွားမယ်လို့ စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ်လိုက် တာပါ။
ငါးမြစ်ချင်းကုန်သည်ကြီးတဦးက “ငါးမြစ်ချင်းက ရေခဲမလိုက်နိုင်ရင် နာရီပိုင်းအတွင်း ငါးက နာသွားမယ်။ မောင်တောဘက်က ကျတော့ အအေးခန်းကားကြီးတွေနဲ့ ရောက်လာတဲ့ ငါးတွေကို ဆင်ဖြူတော်ရေခဲစက်က ရေခဲက အချိန်မရွေးရနိုင်တော့ ငါးတွေ နာမသွားရအောင် ရေခဲထပ် လိုက်ပေးလို့ရတယ်။ ဘင်္ဂလားဘက်က ဘင်ဒရော်ဘင်ဆိပ်ကမ်းကို အချိန်တိုအတွင်း ရောက်အောင် ပို့နိုင်တယ်။ ဟိုဘက်ကိုရောက်ရင်လည်း ငါးတွေ မနာရအောင် ရေခဲတွေ ထပ်လိုက်ပေးနိုင်တယ်။ အခုလို စစ်တွေကသာ တင်ပို့ရမယ်ဆိုတော့ မြန်မာဘက်က ဘင်္ဂလားဘက်ကို ငါးမြစ်ချင်းတင်ပို့မှု လုံးဝရပ်သွားလိမ့်မယ်။”လို့ ပြောပါတယ်။
သြဂုတ်လအတွင်း မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ ငါးမြစ်ချင်းတန်ချိန် ၃၀၀ ကျော်ခန့် တင်ပို့နိုင်ခဲ့ပြီး အခု စက်တင်ဘာလဆန်းကစပြီး မောင်တောနယ်စပ် ကုန်သွယ်ရေးမှ ငါးမြစ်ချင်း တင်ပို့မှု လုံးဝရပ်တန့်နေသလို စစ်တွေကုန်သွယ်ရေးစခန်းကလည်း တင်ပို့မှု လုံးဝမရှိ ဖြစ်နေတယ် လို့ ကုန်သည်ကြီးများအသင်းထံက သိရပါတယ်။