DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီထုတ်ပြန်သည့် E-commerce လမ်းညွှန်ကြောင့် အခွန်ပေးရနိုင်ဟု သုံးသပ်
DVB
·
September 12, 2023
စစ်ကောင်စီထုတ်ပြန်သည့် E-commerce လမ်းညွှန်ကြောင့် အခွန်ပေးရနိုင်ဟု သုံးသပ်
Donate to DVB

စစ်ကောင်စီက E-commerce လမ်းညွှန် ထုတ်ပြန်လိုက်တာကြောင့် စားသုံးသူတွေအတွက် အွန်လိုင်းပေါ်က လိမ်လည်တာတွေ၊ FDA မရှိဘဲ ကုန်ပစ္စည်းသွင်းတာတွေ လျော့သွားနိုင်ပေမဲ့ အခွန်အခပေးရတဲ့ ကိစ္စတွေ ရှိလာနိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

အင်တာနက်ကတဆင့် ကုန်သွယ်ရောင်းချနေတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် အီလက်ထရောနစ်နည်းလမ်းနဲ့ ကူးသန်းရောင်းဝယ်ခြင်းလမ်းညွှန် (e-Commerce Guidelines) ကို စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း အွန်လိုင်းကနေ ကုန်ပစ္စည်းရောင်းချ ဝန်ဆောင်မှုပေးသူတွေ မဖြစ်မနေ လုပ်ငန်းလိုင်စင် မှတ်ပုံတင်ရမယ်ဆိုတဲ့အမိန့် ထွက်လာပြီးနောက်ပိုင်း အခုလို လမ်းညွှန်ချက် ထုတ်ပြန်လာတာပါ။

E-commerce လမ်းညွှန် ထွက်လာတာက စားသုံးသူတွေအတွက် အွန်လိုင်းပေါ်က အတုအပ လိမ်လည်တာတွေ၊ FDA မရှိဘဲ ကုန်ပစ္စည်းသွင်းတာတွေ လျော့နည်းသွားနိုင်ပေမဲ့ စစ်ကောင်စီကို အခွန်အခပေးရတဲ့ကိစ္စတွေ ရှိလာနိုင်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတယောက်က ပြောပါတယ်။

“E-commerce Guidelines တွေ ထွက်တော့ စားသုံးသူတွေက မနစ်နာတော့ဘူးပေါ့။ အရင်ကဆို Page တွေမှာ FDA မရှိတာတွေ ရှိတယ်။ ပြီးတော့ အခွန်မဆောင်ထားတာတွေ ရှိတယ်။ ဒီဟာမျိုးတွေ Guideline ရှိလာတော့ နယ်စပ်ကနေဝင်လာတဲ့ ပစ္စည်းတွေဆို ထိုက်သင့်တဲ့ အခွန်ဆောင်ရမယ်။ နောက်တခုက FDA ခွင့်ပြုချက်မရတဲ့ စားသောက်ကုန်တွေ၊ ပြီးတော့ ကုန်အမှတ်တံဆိပ်တွေဆို ကျနော်တို့ မြန်မာနိုင်ငံက စားသုံးသူတွေအနေနဲ့ နစ်နာမှု မရှိတော့ဘူးပေါ့။ နောက်တခုရှိတာက Tax တွေ ပါလာတဲ့အတွက် လုပ်ငန်းရှင်တွေကတော့ သူတို့အနေနဲ့ အမြတ်အစွန်းထဲက ပေးချေမှာ မဟုတ်ဘူး။ ပြည်သူတွေဆီက ကောက်မယ်ဆိုရင်တော့ ကောက်မယ့်ရာခိုင်နှုန်းတခုသည် ပြည်သူတွေဆီကပဲ ပြန်ယူရမယ့် သဘောလိုတော့ ဖြစ်နေတာပေါ့။”

အွန်လိုင်းကနေ ကုန်ပစ္စည်းတွေ ရောင်းဝယ်တာ၊ ဝန်ဆောင်မှု ပေးတာတွေကို မှတ်ပုံတင်ဖို့အတွက် NLD အစိုးရလက်ထက်ကတည်းက စီစဉ်နေခဲ့တာဖြစ်ပြီး E-commerce နဲ့ ပတ်သက်လို့ လမ်းညွှန်ချက်တွေထုတ်ဖို့ ဆွေးနွေးခဲ့တာ ရှိပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ လမ်းညွှန်ချက်မှာ E-commerce လုပ်ကိုင်သူတွေဟာ သူတို့ ရောင်းချ အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက် ဒါမှမဟုတ် လူမှုကွန်ရက်မှာ မှတ်ပုံတင်ထားတဲ့ အချက်အလက်၊ လိပ်စာ၊ ဖုန်းနံပါတ် စတာတွေ အငြင်းပွားတာဖြစ်လာရင် ဖြေရှင်းနိုင်မယ့်နည်းလမ်းနဲ့ အချက်အလက်တွေ ဖော်ပြရမယ်လို့ ပါရှိပါတယ်။

ကိုယ်ပိုင်ဝက်ဘ်ဆိုက်ထောင်ပြီး E-commerce လုပ်နေတဲ့ လုပ်ငန်းရှင်တယောက်ကတော့ ဥပဒေကြောင်းအရ အရေးယူတာတွေ ရှိလာနိုင်တာကြောင့် လမ်းညွှန်ချက်ကို အသေးစိတ် လေ့လာသင့်တယ်လို့ ပြောပါတယ်။

E-commerce လုပ်ကိုင်သူတဦးက “ကျနော်သိထားတဲ့ E-commerce ပုံစံက ကိုယ်ပိုင် ပလက်ဖောင်းတခု ထုတ်တယ်။ အဲ့ပလက်ဖောင်းကနေ ရောင်းတဲ့သူတွေ ဝယ်တဲ့သူတွေ ရောက်လာအောင် ဆွဲဆောင်တယ်။ ပြီးတော့ ရောင်းတဲ့သူနဲ့ ဝယ်တဲ့သူကြားကနေ ဆုံပေးတဲ့ ပလက်ဖောင်းပိုင်ရှင်ပေါ့။ အဲ့လိုလူတွေက အဲဒီဥပဒေအတိုင်း လုပ်ကြလိမ့်မယ်။ မလုပ်ရင်လည်း အရေးယူရင်လည်း ယူလိုက်ပေါ့။ ဥပမာ- ကျနော်ဆိုရင်လည်း ခုနပြောတဲ့ လိုင်စင်တော့ လုပ်ထားတယ်။ ဒါပေမဲ့ လုပ်ငန်းလိုင်စင်တို့ ဘာလိုင်စင် ညာလိုင်စင် အများကြီးပဲ သူရေးထားတာ။ အဲဒါတွေ ကျနော် လေ့လာရတော့မယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်နေတဲ့သူတိုင်း ဥပဒေကို လေ့လာရတော့မှာပေါ့လေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လမ်းညွှန်ချက်မှာ E-Commerce လုပ်ငန်းတွေအတွက် စည်းကမ်းချက် စုစုပေါင်း ၉၉ ချက် ပါဝင်ပါတယ်။ အဲဒီစည်းကမ်းချက်တွေထဲမှာ နယ်စပ်ဖြတ်ကျော် E-commerce လုပ်ကိုင်သူတွေ နိုင်ငံခြားငွေနဲ့ ငွေပေးချေမှု လုပ်ဆောင်တဲ့အခါ ဗဟိုဘဏ် သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေတွေနဲ့အညီ ဆောင်ရွက်ဖို့နဲ့ ပြည်တွင်းမှာ အရောင်းအဝယ် လုပ်တဲ့အခါ ကျပ်ငွေနဲ့သာ ပေးချေဖို့ ပါရှိပါတယ်။

ဒါ့အပြင် ဝက်ဘ်ဆိုက်ကတဆင့် ရောင်းချသူတွေဟာ ဝယ်ယူစားသုံးသူနဲ့ ပဋိညာဉ် သဘောတူညီချက် လုပ်နိုင်တဲ့ နည်းလမ်းကို ထည့်သွင်းထားရမှာဖြစ်ပြီး လူမှုကွန်ရက်မှာ ရောင်းချသူတွေကလည်း တနည်းနည်းနဲ့ ပဋိညာဉ်လုပ်ရမယ်လို့ ပါရှိပါတယ်။ လမ်းညွှန်ချက်ထဲမှာပါတဲ့ စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013