
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ခရီးစဉ်အတွင်း စက်တင်ဘာ ၁၁ ရက်က လေယာဉ်တွေဝယ်ယူမှုနဲ့ မှတ်ဉာဏ်တု (AI) တွေ အပါအဝင် သဘောတူညီချက်အသစ်တွေ ရရှိခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးမိတ်ဖက်အဆင့်ကို ရှေ့ဆက်တိုးမြှင့်ခဲ့ကြပါတယ်။
ဗီယက်နမ်ဝန်ကြီးချုပ် ဖှမ်မင်ချင်းနဲ့ တွေ့ချိန်မှာ ဘိုင်ဒင်က အမေရိကန်နဲ့ ဗီယက်နမ်နှစ်နိုင်ငံဟာ Cloud နည်းပညာ၊ တပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) နဲ့ မှတ်ဉာဏ်တု (AI) နယ်ပယ်တို့မှာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေဖို့ ထပ်လောင်းပြောကြားခဲ့ပြီး ဗီယက်နမ်ဟာ အရေးကြီးတဲ့ ဓာတ်သတ္တုတွေထောက်ပံ့မှုအတွက် အရေးပါတယ်လို့ ပြောပါတယ်။
ဗီယက်နမ်မှာ လျှပ်စစ်ကားတွေနဲ့ လေအားလျှပ်စစ်တာဘိုင်တွေမှာသုံးတဲ့ ကမ္ဘာ့ ဒုတိယအကြီးဆုံး မြေရှားသတ္ထုသိုက်တွေ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
ဘိုင်ဒင်ရဲ့ ခရီးစဉ်အတွင်း အိမ်ဖြူတော်က ထုတ်ဖော်ပြသခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ ဗီယက်နမ်လေကြောင်းလိုင်းက ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံတန်ဖိုးရှိတဲ့ Boeing 737 Max ဂျက်လေယာဉ် အစီး ၅၀ ဝယ်ယူမှုလည်း ပါဝင်ပါတယ်။
ဗီယက်နမ်နဲ့ ထွန်းသစ်စဈေးကွက်တွေအတွက် အံဝင်ခွင်ကျဖြစ်စေမယ့် မျိုးဆက်သစ် AI-အခြေခံဖြေရှင်းချက်တွေထုတ်ဖို့ မိုက်ခရိုဆော့ဖ်ရဲ့ အစီအစဉ်တွေ၊ ဗီယက်နမ်မှာ ချစ်ပ်စ် ဒီဇိုင်းစင်တာတွေတည်ဆောက်ဖို့ Marvell နဲ့ Synopsys တို့က အစီအစဉ်တွေ အပါအဝင် အမေရိကန်ကုမ္ပဏီတွေက ဗီယက်နမ်နိုင်ငံထဲမှာ ချစ်ပ်နဲ့ ပတ်သက်တဲ့ ရင်းနှီးမြုပ်နှံမှု အများအပြားကို စီစဉ်မယ်လို့ အိမ်ဖြူတော်က ကြေညာပါတယ်။
Source/Photo-Reuters










