
နီပေါအသင်းကို ခက်ခက်ခဲခဲ ကစားခဲ့ရကြောင်းနဲ့ ဒီပွဲအပြီး သုံးသပ်မှုတွေပြုလုပ်ကာ အကောင်းဆုံး ကစားနိုင်သူတွေကိုပဲ လက်ရွေးစင်အသင်းအတွက် ရွေးချယ်သွားမယ်လို့ မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ် မိုက်ကယ်ဖစ်ချ်တန်ဘီနာက ပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၁၁ ရက်၊ ညနေက ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖီဖာနိုင်ငံတကာအသိအမှတ်ပြု ချစ်ကြည်ရေး ခြေစမ်းပွဲ ဒုတိယပွဲစဉ်မှာ မြန်မာအသင်းက နီပေါအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရသွားပြီးနောက် မြန်မာနည်းပြက ပြောကြားလိုက်တာပါ။
နည်းပြချုပ် မိုက်ကယ်ဖစ်ချ်တန်ဘီနာက” “နီပေါအသင်းဟာ အရင်ကထက် တိုးတက်လာပြီး အခုမျိုးဆက်က ကွဲပြားခြားနားတဲ့ ခြေစွမ်းရှိတာကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ ပထမပိုင်းမှာ ဂိုးသွင်းနိုင်ရင် ပွဲက တစ်မျိုးဖြစ်သွားမှာဖြစ်ပြီး ဂိုးမသွင်းနိုင်လို့ ကစားရခက်ခဲ့ပါတယ်။ ကျနော်အရင်က ပြောခဲ့သလို ကျနော့်အသင်းက ကစားသမားတချို့ ကြံ့ခိုင်မှုပိုင်း ပြဿနာရှိပါတယ်။ ဒီပွဲအပြီး သုံးသပ်မှုတွေ လုပ်ပါမယ်။ အကောင်းဆုံး ကစားနိုင်သူတွေကိုပဲ လက်ရွေးစင်အသင်းအတွက် ရွေးချယ်သွားပါမယ်”လို့ ပြောတဲ့အကြောင်း မြန်မာ ဘောလုံးအဖွဲ့ချုပ်က သတင်းမှာဖော်ပြပါတယ်။
ဒီပွဲကို အားပေးတဲ့ ပရိသတ်ကို ကျေးဇူးတင်တဲ့အကြောင်း ပရိသတ်ရဲ့ အားပေးမှုက ကစားသမားတွေကို အားဖြစ်စေပြီး လာယ့် မကာအိုနဲ့ ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း အခုလိုမျိုး ပရိသတ်အားပေးမှု လိုအပ်တယ်လို့ ပွဲအပြီးမှာ မြန်မာနည်းပြက ပြောပါတယ်။
နီပေါ လက်ရွေးစင်အသင်း နည်းပြချုပ် ဗင်စန်ဇိုအယ်လ်ဘတ်တိုအန်နက်စ်စီက မနေ့က မြန်မာအသင်းနဲ့ ကန်ခဲ့တဲ့ပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး မိုးရွာလို့ ကစားရခက်ခဲ့တယ်လို့ ပွဲအပြီးမှာပြောပါတယ်။
နီပေါနည်းပြက “ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ မိုးရွာလို့ ကစားရခက်ခဲ့ပြီး ကစားသမားအချို့ အမှားလုပ်ခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် ဂိုးမရခဲ့ဘူး။ ဒီထက် ပိုအာရုံစိုက်ဖို့လိုပါတယ်။ ကျနော်တို့အသင်းဟာ ပထမပွဲကထက် ပိုကောင်းခဲ့ပေမဲ့ ကစားသမား အင်အားမှာတော့ မြန်မာအသင်းက ပိုသာပါတယ်။ မြန်မာအသင်းမှာ ထိုင်းလိဂ်မှာ ကစားနေသူတွေ အများအပြားပါဝင်တာမို့ ကျနော်တို့ အသင်းထက် ကွဲပြားခြားနားစေပါတယ်။ ဒီနေ့ပွဲ တာဝန်ယူတဲ့ ဒိုင်တွေဟာ သူတို့အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု အားနည်းပါတယ်။ တစ်ပွဲလုံး ခြုံကြည့်ရင် ကျနော့် အသင်းအနေနဲ့ တိုးတက်မှုရှိလာပါတယ် ”လို့ ပြောပါတယ်။
မနေ့ညနေက မိုးသည်းထန်စွာရွာသွန်းနေတဲ့ အောက်မှာ နှစ်သင်းစလုံး ရေကုန်ရေခမ်း ကစားခဲ့ကြပြီး အပြန်အလှန် ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ကြကာ ကြည့်ကောင်းတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ နီပေါအသင်းက ဂိုးပေါက်ကန်သွင့်ခွင့်တွေပိုမိုရခဲ့ပြီး အပိုင်ကန်သွင်းတဲ့ ဘောလုံးတွေကို မြန်မာဂိုးသမားကျော်ဇင်ဖြိုးက လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ မြန်မာအသင်း ရှုံးပွဲနဲ့ မတွေ့ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဝင်းနိုင်ထွန်းနဲ့ သန်းပိုင်တို့ ဂိုးသွင်းခွင့်တွေ ရခဲ့ပေမဲ့ ဝင်အောင် မသွင်းနိုင်လို့ မြန်မာအသင်း နစ်နာခဲ့ရပါတယ်။ မြန်မာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၆ မိနစ်မှာ အသင်းခေါင်းဆောင် မောင်မောင်လွင်က ဆွဲယူလာပြီး ပို့ပေးတဲ့ ဘောလုံးကို ရှေ့တန်းတိုက်စစ်မှူး ဝင်းနိုင်ထွန်းက ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒီဂိုးမရခင် မြန်မာအသင်းဘက်ခြမ်းမှာ နီပေါကစားသမား တယောက် လူကျွံနေတာကို စည်းကျပ် ဒိုင်က အလံထောင်ထားခဲ့ပေမဲ့ ကွင်းလယ်ဒိုင်က မမြင်ဘဲ ပွဲကို ဆက်လက်ကစားစေခဲ့လို့ မြန်မာအသင်း ဂိုးရသွားတဲ့ ပတ်သက်လို့ နီပေါအသင်းသားတွေက မကျေနပ်လို့ ဒိုင်ကို အပြင်းအထန် ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြပါတယ်။
မနေ့က ကန်သွားတဲ့ မြန်မာ့လက်ရွေးစင်အသင်းမှာ ကျော်ဇင်ဖြိုး (ဂိုး)၊ ဟိန်းဖြိုးဝင်း၊ ရဲမင်းသူ၊ နန္ဒကျော်၊ လွင်မိုးအောင်၊ ဆော်လမန်၊ အောင်သူ၊ မောင်မောင်လွင်၊ ဝေလင်းအောင်၊ ရန်နိုင်ဦး၊ ဟိန်းဇေယျာလင်း၊ သန်းပိုင်၊ ဝင်းနိုင်ထွန်း၊ ကျော်ဇင်လွင်၊ နေမိုးနိုင်၊ အောင်လှိုင်ဝင်း စသူတို့ ပါဝင်ကစားခဲ့ကြတာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းဟာ နီပေါအသင်းနဲ့ ကန်သွားတဲ့ ပထမပွဲစဉ်မှာတုန်းက ဂိုးမရှိ သရေ ကျခဲ့တာဖြစ်ပါတယ်။
PHOTO-MFF











