DVB Logo
Home
မြန်မာသတင်း
ပူတာအိုတွင် ဗိုလ်မှူး ၁ ဦးက ဒေသခံများ၏ မြေ ၁၀ ဧကကို မတရားသိမ်းယူ
DVB
·
September 11, 2023
ပူတာအိုတွင် ဗိုလ်မှူး ၁ ဦးက ဒေသခံများ၏ မြေ ၁၀ ဧကကို မတရားသိမ်းယူ
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ စစ်ကောင်စီတပ်က ဗိုလ်မှူးယောက်က  ပူတာအိုဒေသခံတွေရဲ့ မြေကွက် ၁၀ ဧကကို မှောင်ခိုမြေဂရမ်တွေပြုလုပ်ကာ မတရားသိမ်းယူခဲ့ပါတယ်။

ပူတာအိုမြို့ ရဝမ်မနောကွင်းနားက မြေယာတွေဟာ ၁၉၈၀ ပြည့်နှစ်ကတည်းက ဒေသခံတွေရဲ့ တောင်ယာမြေဖြစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကစတင်ကာ စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးစောထွန်းဆိုသူက မတရားသိမ်းဖို့ ကြိုးစားနေတာဖြစ်တယ်လို့ မြေသိမ်းခံရတဲ့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဗိုလ်မှူးဆိုတဲ့သူက နေပြည်တော်မှာပဲနေတယ်လို့ သိရတယ်။ ဒီကိစ္စကို ကိုယ်တိုင်တွေ့ပြီး ဖြေရှင်းဖို့ တောင်းဆိုထားတာ အဲ့လူက မလာနိုင်ဘူးလို့ပြောတယ်။ ခုက ဗိုလ်မှူးဆိုသူရဲ့ ကိုယ်စားလှယ်နဲ့ပဲ စကားပြောရတယ်။ သူတို့က ‌ဘယ်သူမှမသိအောင်‌ မှောင်ခိုမြေဂရမ်တွေ လုပ်ပြီး မြေကွက်တွေရောင်းဖို့ လုပ်နေတာပါ။”

ဗိုလ်မှူးစောထွန်း သိမ်းထားတဲ့‌ မြေနေရာဟာ ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်နေ ဒေသခံတွေ နှစ်ပေါင်းကြာရှည်စွာ တောင်ယာစိုက်ခင်းပြုလုပ်ကာ အသက်‌မွေးဝမ်း‌ကျောင်း ပြုတဲ့နေရာ ဖြစ်တယ်လို့ ဒုတ္တန်ရပ်ကွက်‌နေ လူကြီးတဦးကလည်း ပြောပါတယ်။

“ဒီမြေကွက်တွေပေါ်မှာ တောင်ယာစိုက်ပျိုးရေးလုပ်လာတာ ကြာပြီ။ စိုက်ခင်းတွေရှိနေတော့ ခြံတွေ ကာထားရတာပေါ့။ ခုတော့ အဲခြံတွေ ဖယ်ရှားဖို့ပြောလာတယ်။ သူတို့မြေကွက်တွေဖြစ်လို့ အမြန်ဆုံး ဖယ်ရှားပေးရမယ်လို့ ခြိမ်းခြောက်ပြောဆိုနေတာ ရှိတယ်။ သူတို့က စစ်တပ်အသိုင်းအဝိုင်းဆိုတော့ ဘယ်သူမှ စကားမပြောရဲလို့ ခုလို အနိုင်ကျင့်ခံရတယ်။ မြေကွက်သိမ်းခံရတဲ့ မိသားစုဝင်တွေ ဝမ်းနည်းနေကြတယ်။”

စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးကို မြေဂရမ်ရအောင် ကူညီပေးတဲ့သူ‌တွေဟာ ပူတာအိုခရိုင်ထဲက စစ်တပ်အသိုင်းအဝိုင်းတွေ ဖြစ်တယ်လို့ ပူတာအို တက်ကြွလူငယ်တဦးက ပြောပါတယ်။

“ပူတာအိုခရိုင်မှာရှိတဲ့ ဌာနဆိုင်ရာ အကြီးပိုင်းတွေ အကုန်လုံးနီးပါးက စစ်ဗိုလ်ဟောင်းတွေ ဖြစ်နေတယ်။ ဒါကြောင့် ဘယ်သူမှမသိအောင် စီစဉ်ခဲ့တာပါ။ သူတို့ဘက်ကနေ မြေကွက်ပိုင်ရှင်တွေကို ‌ဖယ်ရှားဖို့ပြောတာ ၃ နှစ်ခန့်ရှိပြီလို့ သိရတယ်။ ဒါပေမဲ့ ပူတာအိုဒေသခံတွေက သူတို့အပိုင်ဖြစ်တယ်ဆိုပြီး ဒီတိုင်းနေလာလိုက်တာ ဒီရက်ပိုင်းတော့ သူတို့ဘက်က လုပ်အားပေးတွေငှားရမ်းပြီး ခြံရှင်းတာတို့ လုပ်လာတော့ ခြံပိုင်ရှင်တွေအားလုံး ကန့်ကွက်ဖို့ ကြိုးစားနေတာပါ။”

ပူတာအိုခရိုင်မှာ မြေယာသိမ်းခံရတဲ့အပြင် နွားခိုးခံရတဲ့ဖြစ်စဉ်တွေ မကြာခဏ တွေ့ကြုံရလို့ နေစရာမကောင်းတော့ဘူးလို့ ပူတာအိုဒေသခံ လူကြီးတဦးက ပြောပါတယ်။

“ဒီနှစ်ထဲ ပူတာအိုမှာ မြေယာတွေသိမ်းခံရတယ်။ ရွှေ‌တူးဖို့ ချောင်းတွေ ဖျက်ဆီးခံရတယ်။ သူခိုးတွေ ပေါလာတယ်။ မူးယစ်ဆေးသမားတွေ ပေါလာတယ်။ ဘာတခုမှ အဆင်မပြေတော့လို့ နေစရာမကောင်းတော့ဘူး။ မြေကွက်သိမ်းခံရတဲ့ ကိစ္စကို ဆန္ဒပြဖို့ လုပ်နေကြတာ သူတို့က စစ်အာဏာရှင်တွေဆိုတော့ အသတ်ခံရမှာ၊ ဖမ်းဆီးခံရမှာကြောက်လို့ ခုထိငြိမ်နေရတယ်။”

ပူတာအိုဒေသခံ ပြည်သူတွေက မတရားသိမ်းဖို့ ကြိုးစားတဲ့ မြေကွက်တွေကို ပြန်လည်ပေးဖို့ ရိုးရာအသင်းအဖွဲ့တွေကတဆင့် ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပူတာအိုမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လကစတင်ပြီး မြို့ဧရိယာထိ ရွှေတူးဖော်မှုတွေ ရှိလာသလို ရွှေတူးဖော်လို့ ချောင်းတွေပျက်စီးကာ ဒေသခံတွေရဲ့ လယ်ယာကို ထိခိုက်မှုရှိခဲ့ပါတယ်။ နမ်ဟော့-မာမူးလဲ့ ရွာနားက ရွှေလုပ်ကွက်တွေမှာ ပူတာအိုနမ်ဟော့ အကျဉ်းထောင်ပိုင်၊ ဘုန်းကြီးတချို့တို့လည်း ရှယ်ယာရှင်တွေအနေနဲ့ ပါဝင်ကာ ရွှေတူးဖော်မှုတွေရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013