
တောင်အာဖရိကနိုင်ငံမှာ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတဲ့ ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာကြောင့် နေရပ်ပြန်လိုတဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၁၃၀ ဟာ အစိုးရရဲ့ အကူအညီနဲ့ ပြန်လာဖို့ စာရင်းပေးထားကြပါတယ်။
ဒီလျှောက်ထားသူတွေဟာ တောင်အာဖရိကမှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာမှာကို စိုးရိမ်မှုတွေ ကြောင့် နိုင်ဂျီးရီးယားအစိုးရက စီစဉ်ထားတဲ့ နိုင်ငံသားတွေ ပြန်ခေါ်ယူပေးမဲ့ အစီအစဉ်သစ် အောက်မှာ ပထမဆုံး လျှောက်ထားသူတွေဖြစ်ပြီး သူတို့ဟာ လေယာဉ်လက်မှတ်ဖိုး မတတ်နိုင် ကြသူတွေဖြစ်လို့ နိုင်ဂျီးရီးယားအစိုးရက ရန်ပုံငွေသတ်မှတ်ပြီး လေယာဉ်စီစဉ်ပေးဖို့ ပြင်ဆင် နေပါတယ်။
နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်မီဘီ အီဘီယန်ဖာက တောင်အာဖရိကမှာ သူတို့နိုင်ငံသားတွေအပေါ် အကြမ်းဖက်တာကို ကန့်ကွက်ထားပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်လို့ ယူဆရတဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၂ ယောက် အတွက် ရင်ခွဲစစ်ဆေးချက်နဲ့ အမှုတွဲတွေကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်အာဖရိကအစိုးရကို တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့အပတ်မှာ ဆန္ဒပြသူတွေဟာ မြို့တော် ပရီတိုးရီးယားနဲ့ ဂျိုဟန်နက်စ်ဘာ့ဂ်တို့မှာ စုဝေးဆန္ဒပြ ခဲ့ကြပြီး အထောက်အထားမဲ့ နိုင်ငံခြားသားတွေကြောင့် အလုပ်အကိုင်၊ လုံခြုံရေးနဲ့ ပြည်သူ့ ဝန်ဆောင်မှုတွေအပေါ် ဖိအားတွေဖြစ်နေတယ်ဆိုပြီး တရားမဝင် လူဝင်မှုကို ပိုမိုတင်းကျပ်စွာ အရေးယူဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတယ်။
ဒါပေမဲ့ ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေးအဖွဲ့တွေကတော့ တောင်အာဖရိကရဲ့ စီးပွားရေး ပြဿနာတွေကို နိုင်ငံခြားသားတွေကို အပြစ်ပုံချနေကြတာလို့ ပြောကြတယ်။
နိုင်ဂျီးရီးယားနိုင်ငံသားတွေကို ရာဇဝတ်ကောင်တွေအဖြစ် သိမ်းကျုံးပြီး ပုံဖော်နေတာဟာ လုံးဝ လက်ခံနိုင်စရာမရှိတဲ့ တံဆိပ်ကပ် နှိမ်ချမှုဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူ ဆစ်ဒနီ ဂေါ့ဒ်ဝင် ကတော့ ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။
Source: Reuters










