DVB Logo
Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ လယောင်းခရိုင် ကြားဖြတ်ရွေးကောက်ပွဲတွင် MFP ပါတီ အနိုင်ရ
DVB
·
September 11, 2023
ထိုင်းနိုင်ငံ လယောင်းခရိုင် ကြားဖြတ်ရွေးကောက်ပွဲတွင် MFP ပါတီ အနိုင်ရ
Donate to DVB

ထိုင်းအရှေ့တောင်ပိုင်း လယောင်းခရိုင်မှာ စက်တင်ဘာ ၁၀ ရက်က ကျင်းပပြီးစီးသွားတဲ့  မဲဆန္ဒနယ်မြေ  ၃ ရဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ Move Forward Party ပါတီ (လိမ္မော်ရောင်ပါတီ) က ဆန္ဒမဲ အပြတ်အသတ်နဲ့ အနိုင်ရသွားပါတယ်။

အဆိုပါနယ်မြေထဲမှာ ပါတီ ၃ ခု ဝင်ရောက်ယှဉ်ပြိုင်ပြီး MFP ပါတီက ၃၉,၂၉၆ မဲ၊ ဒီမိုကရက်ပါတီ (DP) က ၂၆,၃၇၆ မဲနဲ့ NBLP အလုပ်သမားပါတီက ၈၈၁ မဲ အသီးသီး ရခဲ့ပါတယ်။

အဆိုပါရလဒ်တွေအရ MFP လိမ္မော်ရောင်ပါတီက DP ပါတီကို မဲအရေအတွက် ၁၀,၀၀၀ ကျော်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး မဲမသမာမှု၊ တိုင်ကြားချက် တစုံတရာ မရှိကြောင်း၊ ဆန္ဒမဲရလဒ်တွေကိုတော့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ စက်တင်ဘာ ၁၁ ရက်မှာ အတည်ပြုပေးမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါနယ်မြေမှာ ပြီးခဲ့တဲ့ မေလရွေးကောက်ပွဲကလည်း MFP ပါတီကပဲ အနိုင်ရခဲ့ပြီး ရွေးကောက်ခံ ကိုယ်စားလှယ်ဟာ လူငယ်ဘဝက နာရီခိုးမှုနဲ့ ထောင်ကျဖူးကြောင်း အာဏာဟောင်းပါတီဘက်က ဖော်ထုတ်တိုင်ကြားခဲ့တာကြောင့် အမတ်အဖြစ်မှ ရပ်စဲခံရကာ ခုလို ထပ်မံ ပြန်ရွေးကောက်ရတာ ဖြစ်ပါတယ်။

ပါတီဥက္ကဋ္ဌ နိုင်းဖိထား လိုမ့်ကျရွန်းရတ်က “ဒီတခေါက်ရွေးကောက်ပွဲမှာ အရင်ကထက် ဆန္ဒမဲပိုရခဲ့တယ်။ ခုလို သူတို့ပါတီကို ယုံကြည်စိတ်ချစွာ မဲပေးခဲ့တဲ့ မဲဆန္ဒရှင် ပြည်သူအားလုံးကို ကျေးဇူးတင်တယ်။ ပါတီကနေ ဘယ်တော့မှ ခွဲမသွားဘူးလို့လည်း ယုံကြည်တယ်။ ရွေးကောက်ပွဲမှာ အတူယှဉ်ပြိုင် ရွေးကောက်ခံခဲ့တဲ့ ပါတီတွေကိုလည်း ကျေးဇူးတင်တယ်။ MFP ပါတီကို မဲပေးခဲ့သူဖြစ်ဖြစ်၊ မဲမပေးခဲ့တဲ့ ပြည်သူတွေဖြစ်ဖြစ် အားလုံးရဲ့အကျိုးအတွက် လွှတ်တော်ကနေ တာဝန်ထမ်းဆောင်သွားမယ်။ သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို မျက်ခြည်မပြတ် စောင့်ကြည့်ကြဖို့” မနေ့ည သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

မနေ့က MFP ပါတီကနေ ဝင်ရောက်အရွေးခံခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းမှာ အသက် ၄၃ နှစ်အရွယ်ရှိ နိုင်းယိုး ဖုန်းဆထွဏ်းဖြစ်ပြီး  ထမဆတ်တက္ကသိုလ်မှ စာရင်းကိုင်နဲ့ စီမံခန့်ခွဲဘာသာရပ်နဲ့ ဘွဲ့ရခဲ့သူဖြစ်ပါတယ်။

သူဟာ ပါတီဥက္ကဋ္ဌ ဖိထားနဲ့ ကျောင်းနေဘက် တနှစ်တည်း ကျောင်းပြီးခဲ့သူ ဖြစ်ပြီး ထိုင်းအရှေ့မြောက်ပိုင်းဇာတိဖြစ်ပြီး အီဆန်ဒေသစကားကို ရေလည်အောင် ပြောဆိုတတ်ကာ လယောင်းသူနဲ့ အိမ်ထောင်ကျပါတယ်။ အရောင်းအဝယ်လုပ်ရင်း တဖက်ကလည်း MFP ပါတီဝင်အနေနဲ့  လွှတ်တော်အမတ်ရဲ့ အလုပ်တွေကို ဝိုင်းကူပေးနေသူ ဖြစ်ပါတယ်။

MFP ပါတီဟာ ပြီးခဲ့တဲ့ မေလ ရွေးကောက်ပွဲက တနိုင်ငံလုံးမှာ အမတ်ဦးရေအများဆုံး၊ ပါတီပေါ်ပြူလာမဲ အများဆုံး အနိုင်ရထားပေမဲ့လည်း စစ်ကောင်စီဘက်က ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တွေထံက ထောက်ခံမဲ မရခဲ့တာကြောင့် အစိုးရမဖြစ်ခဲ့ရပါဘူး။

ပါတီခေါင်းဆောင် ဖိထားဟာလည်း iTV မီဒီယာထဲ ရှယ်ယာပါတယ်လို့ စွပ်စွဲခံထားရပြီး အမှုရင်ဆိုင်နေရသလို သူတို့ပါတီ မူဝါဒထဲမှာ ဘုရင့်နန်းတော်နဲ့ပတ်သက်တဲ့ ဥပ‌ဒေကို ပြင်ဆင်မယ်ဆိုတာ ပါရှိတာကြောင့် နိုင်ငံတော်အခြေခံဥပဒေ ပြိုလဲအောင် ကြိုးပမ်းမှုနဲ့ အရေးယူခံရမယ့် အခြေအနေလည်း ရှိနေပါတယ်။ 

ပါတီကတော့ ဘယ်အခြေပဲရောက်ရောက် ပြည်သူကိုသာ မျက်နှာမူပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်ရောက်ရှိရေး စစ်မှန်တဲ့ ဒီမိုကရေစီရရေး ကြိုးစားသွားမယ်လို့ ပြောပါတယ်။

Source-Sanook

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013