
ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ အလုပ်သမားတွေ၊ ခွင့်ပြုချက်မရှိတဲ့အလုပ်မှာ ဝင်လုပ်နေတဲ့ အလုပ်သမားတွေနဲ့ ဥပဒေနဲ့မညီညွတ်တဲ့ လုပ်ငန်းခွင်တွေကို လိုက်လံစစ်ဆေးနေတာမှာ ထိုင်းအရှေ့တောင်ပိုင်း လယောင်းခရိုင်၊ လယောင်းမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာနိုင်ငံသားအများစု အပါအဝင် ဥပဒေနဲ့မညီတဲ့ အလုပ်သမား ၃၈ ယောက် ဖမ်းဆီးခံခဲ့ရ ပါတယ်။
ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေး ဦးစီးဌာန အနေနဲ့ နိုင်ငံခြားအလုပ်သမားတွေကို ဥပဒေနဲ့အညီ စနစ်တကျ လုပ်ကိုင်စေဖို့ မူဝါဒတွေ တိုးမြှင့်ဆောင်ရွက်လျက်ရှိတယ်၊ တရားမဝင် ဝင်ရောက် လုပ်ကိုင်မှုကို တားဆီးနှိမ်နင်းဖို့နဲ့ နိုင်ငံခြားအလုပ်သမားတွေ ဥပဒေနဲ့လျော်ညီစွာ လုပ်ကိုင်ဖို့ တနိုင်ငံလုံးရှိ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စီးပွားရေးနဲ့ တခြားလုပ်ငန်းခွင်တွေ၊ သံသယရှိနေရာတွေကို လိုက်လံစစ်ဆေးဖို့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ညွှန်ကြားထားတယ်လို့ ထိုင်းအလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းဆုမ်ချိုင်း မော်ရကွတ်ဆီဝမ်းက ပြောပါတယ်။
ဇူလိုင် ၂၁ ရက်ကလည်း လယောင်းခရိုင် အလုပ်သမားရုံး၊ နယ်မြေခံရဲတပ်ဖွဲ့၊ ခရိုင်လုံခြုံရေးကောင်စီနဲ့ အုပ်ချုပ်ရေး စတဲ့ အဖွဲ့အစည်းက တာဝန်ရှိသူတွေ ပေါင်းပြီး လယောင်းခရိုင်၊ နိခုမ်းဖတ်ထနားမြို့ ဖနားနိခုမ်းရပ်ကွက်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးခဲ့တယ်။
အဆိုပါနေရာကနေ တရားဥပဒေနဲ့ မလျော်ညီတဲ့ နိုင်ငံခြားသား အလုပ်သမား စုစုပေါင်း ၃၈ ယောက် ဖမ်းဆီးရမိခဲ့တယ်၊ အဲဒီထဲမှာ မြန်မာနိုင်ငံသား ၃၁ ယောက်၊ တရုတ် ၅ ယောက်နဲ့ ကမ္ဘောဒီးယား ၂ ယောက်တို့ ပါဝင်ပါတယ်။
ဖမ်းမိသူအများစုဟာ အလုပ်သမားမှတ်ပုံတင်ကတ် မရှိဘဲ အလုပ်လုပ်နေတယ်၊ သူတို့တွေကို ဥပဒေအရ အရေးယူဖို့ နိခုမ်းဖတ်ထနားနယ်မြေ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ပြီး ဥပဒေနဲ့ မညီညွတ်တဲ့ အလုပ်သမားတွေကို ငှားရမ်းခန့်ထားတဲ့ အလုပ်ရှင်တယောက်ကိုပါ တရားစွဲပြီး အရေးယူသွားမယ်လို့ ဆိုပါတယ်။
ထိုင်းမှာ လာရောက်လုပ်ကိုင်တဲ့ နိုင်ငံခြား အလုပ်သမားတွေဟာ အလုပ်သမားကတ် ရှိရမှာဖြစ်ပြီး အလုပ်သမားဥပဒေကိုပါ လိုက်နာရမယ်၊ ဥပဒေချိုးဖောက်က ငွေဒဏ် ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ထိ ကျခံရမှာဖြစ်ပြီး ပြည်နှင်ဒဏ်ပေးခံရမယ်၊ ၂ နှစ်အတွင်း အလုပ်သမားကတ် လျှောက်ထားခွင့် ပိတ်ပင်ခံရမယ်လို့ ဆိုပါတယ်။
ဥပဒေနဲ့မညီညွတ်တဲ့ အလုပ်သမားတွေကို လက်ခံ ခန့်အပ်ထားတဲ့ အလုပ်ရှင်တွေဟာလည်း အလုပ်သမားတယောက်ကို ဒဏ်ငွေ ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ထိ ကျခံရမယ်၊ ပြစ်မှုကို ထပ်မံကျူးလွန်က ထောင်ဒဏ် ၁ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ ကျခံရမဲ့အပြင် နိုင်ငံခြားသားလုပ်သား ငှားရမ်းခွင့် ၃ နှစ် ပိတ်ပင်ခံရမယ်လို့ အလုပ်သမားညွှန်ချုပ်က ပြောသွားပါတယ်။
Source: ထိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာန/ Siamrath











