DVB Logo
Home
Lead Story
တပ်ကိုယ်စားလှယ်နှင့် ပေါင်းပြီး သမ္မတတင်ရန် ကြံ့ခိုင်ရေးပါတီ ၆ ဦးသာလို
DVB
·
January 9, 2026
တပ်ကိုယ်စားလှယ်နှင့် ပေါင်းပြီး သမ္မတတင်ရန် ကြံ့ခိုင်ရေးပါတီ ၆ ဦးသာလို
Donate to DVB

အာဏာသိမ်းပြီး ၅ နှစ်နီးပါးအကြာမှာ စစ်တပ်က ဦးဆောင်ပြီး ရွေးကောက်ပွဲ အပိုင်း ၁ ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့ပါတယ်။

မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ မဲပေးခွင့်ရှိသူ ၁၁ သန်းကျော်ရှိပြီး အဲဒီထဲက ထက်ဝက်ကျော် မဲလာပေးတယ်လို့ စစ်တပ်က ဆိုပါတယ်။ ဒါပေမဲ့ အဲဒီစာရင်းကို သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

လွှတ်တော်အခင်းအကျင်းပုံစံ

ရွေးကောက်ပွဲ အပိုင်းအားလုံး ပြီးချိန်မှာ တပ်ကိုယ်စားလှယ်တွေ အပါအဝင် ပြည်သူ့လွှတ်တော်မှာ ၃၇၅ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၂၁၃ နေရာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

ဒီလွှတ်တော် ၂ ခု ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အမတ်နေရာ ၅၈၈ နေရာ ရှိလာမှာပါ။ ပြည်ထောင်စုလွှတ်တော်ကနေသာ သမ္မတကို ခန့်အပ်နိုင်ပြီး ဒီလိုခန့်နိုင်ဖို့ဆို ပါတီတခုအနေနဲ့ အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၂၉၅ ဦး အနိုင်ရမှသာ ဖြစ်ပါမယ်။

Loading...

အပိုင်း ၁ အပြီး မဲရလဒ်များ

စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ လက်ရှိမှာ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အသာစီးရနေပါတယ်။

ရွေးကောက်ပွဲအပိုင်း ၁ အပြီး ပြည်သူ့လွှတ်တော်မှာ ၁၁၆ နေရာရှိတဲ့အထဲ ကြံ့ခိုင်ရေးပါတီက ၁၀၂ နေရာ နိုင်ထားပါတယ်။ အမျိုးသားလွှတ်တော်မှာလည်း ၃၁ နေရာထဲက ၂၁ နေရာကို ကြံ့ခိုင်ရေးပါတီ ရရှိထားပါတယ်။

Loading...

အခုရလဒ်တွေအရ ကြံ့ခိုင်ရေးပါတီက လွှတ်တော် ၂ ခုပေါင်း ကိုယ်စားလှယ် ၁၂၃ ဦး ရရှိထားပါပြီ။ အကယ်၍ စစ်တပ်ကလွှတ်မဲ့ တပ်ကိုယ်စားလှယ် ၁၆၆ ဦးနဲ့ ပေါင်းရင် ၂၈၉ ဦး ရှိနေတာကြောင့် နောက်ထပ် ၆ ဦးသာ လိုပါတော့တယ်။

Loading...
Loading...

အငြင်းပွားဖွယ် မဲရလဒ်များ

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု စွပ်စွဲချက်တွေနဲ့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ အခုရွေးကောက်ပွဲဟာလည်း အငြင်းပွားဖွယ်ရာတွေ ရှိနေပါတယ်။ မဲစာရင်းကအစ၊ ကြိုတင်မဲ ကောက်ယူပုံအလယ်၊  မဲရလဒ်တွေအဆုံး ပါတီတွေက ကော်မရှင်ကို မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။

အပိုင်း ၁ အတွက် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့ ရှိခဲ့ပေမဲ့ ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာက ကြိုတင်အနိုင်ရထားပြီးတာကြောင့် ၁၀၁ မြို့နယ်မှာပဲ ပြည်သူ့လွှတ်တော်အတွက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အဲဒီ ၁၀၁ မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရရှိတဲ့ ခိုင်လုံမဲ စုစုပေါင်းဟာ ၆,၀၉၈,၅၃၁ မဲ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီထဲ ကြိုတင်မဲက ၅၄၃,၆၂၆ မဲ ရှိပါတယ်။

ကြိုတင်မဲ ၅ သိန်းကျော်ရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးကို ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေက ရရှိခဲ့တာပါ။

ဒါအပြင် စစ်တပ်အခြေစိုက်တဲ့ ကရင်ပြည်နယ်က သံတောင်ကြီးမြို့နယ်နဲ့ ကရင်နီက ဘောလခဲမြို့နယ်တွေမှာ ကြံ့ခိုင်ရေးပါတီကရတဲ့ မဲအရေအတွက်ရဲ့ ၈၀ ရာခိုင်နှုန်းဝန်းကျင်က ကြိုတင်မဲ ဖြစ်ပါတယ်။ အဲဒီ ကြိုတင်မဲတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ပထမပိုင်းအပြီး ပါတီတွေအကြား ဝေဖန်သံတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ တုံ့ပြန်ချက်

ဝေဖန်သံတွေ ထွက်ပေါ်အပြီးမှာတော့ ကြိုတင်မဲကောက်ယူရာမှာ ဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၂ ရက်နေ့မှာ တုံ့ပြန်ပါတယ်။ ဇန်နဝါရီ ၅ ရက် ပါတီတွေနဲ့ တွေ့ဆုံစဉ်မှာလည်း ကျန်နေသေးတဲ့ ရွေးကောက်ပွဲတွေမှာ အကောင်းဆုံးလုပ်ပေးမယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြိုင်ဘက်ပါတီတွေနဲ့ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတွေကို စော်ကားပုတ်ခတ် ပြောဆိုစည်းရုံးရင် ရာဇဝတ်ကြောင်းအရ ပြစ်မှုမြောက်နိုင်တယ်၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှု မြောက်နိုင်သလို ကျင့်ဝတ်သိက္ခာမဲ့တဲ့ လုပ်ဆောင်ချက်အဖြစ် မှတ်ယူမယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောခဲ့ပါတယ်။

ကျန်နေသေးတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ကို ဇန်နဝါရီ ၁၁ ရက်နဲ့ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်နေ့တွေမှာ ဆက်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲ ပထမပိုင်းအတွက် မဲပေးပြီးတဲ့နေ့မှာပဲ “လုပ်ဆောင်ချက်တွေကို ကြည့်လိုက်ရင် သိမှာပါ။ ဒီနေ့ညနေကျရင် အသံတွေ ထွက်လာမှာပဲလေ။ အဲခါကျရင် ပြောလို့ရတာပေါ့။ လွတ်လပ်မှုရှိလား မရှိလား ဆိုတာ။ ကျနော်တို့က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ အာမခံထားတာ။ တပ်မတော်က လုပ်တာ။ နာမည်ပျက်မခံဘူး” လို့ ဆိုထားပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲမတိုင်ခင်က သူကိုယ်တိုင်ပဲ စစ်တပ်နဲ့ လက်တွဲလုပ်ကိုင်နိုင်မဲ့ ပါတီကိုပဲ မဲပေးဖို့ နိုင်ငံအနှံ့မှာလုပ်ခဲ့တဲ့ ဝန်ထမ်းတွေ၊ စစ်သားတွေနဲ့ ပြည်သူတချို့နဲ့ တွေ့ဆုံပွဲတွေမှာ ပြောခဲ့တယ်လို့ စစ်တပ်လက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

စစ်တပ်ကလုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေ ပွင့်လင်းမြင်သာမှု အားနည်းတယ်ဆိုပြီး ပြည်သူ့ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) နဲ့ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးရေးပါတီတို့က စစ်ခေါင်းဆောင်ဆီ စာပို့ အကြောင်းကြားထားလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013