စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ချောင်းရေကြီးလို့ ချောင်းဘေးနားက နေအိမ် သုံးလုံးရေထဲ မျောပါသွားပြီး နေအိမ်တချို့က ပစ္စည်းတွေလည်း ရေထဲမျောပါသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စက်တင်ဘာ ၁၀ ရက်မှာ ရေကျသွားပြီး ဥပုဒ်ချောင်းဘေးနေထိုင်ကြတဲ့ ပင်လုံရပ်ကွက်က နေအိမ် တလုံးနဲ့ ညောင်ပင်သာရပ်ကွက်က နေအိမ် နှစ်လုံး ရေထဲ မျောပါသွားတာလို့ ဆိုပါတယ်။
ကလေးမြို့ခံ တဦးက" ည ၂ နာရီ လောက်ကြီး ရေကဝင်လာတော့ လူတွေပဲ အမြင့်ပိုင်းကို ရှောင်ခင်တယ်။ ဒန်အိုး၊ ဒန်ခွက်ကအစ ရေထဲပါသွားတော့ အခက်တွေ့တယ်။ လောလောဆယ်တော့ အမျိုးတွေအိမ်မှာ ကပ်နေကြတယ်။" လို့ ပြောပါတယ်။
လတ်တလောမှာ ရေဘေးသင့်ဒေသခံတွေအနေနဲ့ စောင်၊ ခြင်ထောင်နဲ့ စားနပ်ရိက္ခာ အခက်အခဲ ရှိနေပြီး ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
ရေဘေးသင့်မြို့ခံတွေကို ကူညီပေးနေသူ တဦးက" ရေထဲပါသွားတဲ့ နေအိမ်တွေကိုတော့ တအိမ် ထောင်ကို ၂ သိန်းနှုန်း ကူညီထောက်ပံ့ပေးထားတယ်။ ရေထဲမပါတဲ့ ကျပ်တည်းတဲ့ နေအိမ်တွေကို တော့ ဒန်အိုး၊ ဒန်ခွက်တွေ ကူညီပေးနေတယ်"လို့ ပြောပါတယ်။
စက်တင်ဘာ ၈ ရက်က မြို့တွင်းက နန်းကလိန်ချောင်းနဲ့ ဥပုဒ်ချောင်းရေကြီးပြီး ကလေးမြို့တွင်းက နေရာအနှံ့အပြားမှာ ရေကြီးခဲ့တာပါ။