DVB Logo
Home
မြန်မာသတင်း
အထွက်နည်းပြီး စျေး​ကောင်းမရသဖြင့် နှမ်းစိုက်တောင်သူများ အရှုံးပေါ်
DVB
·
September 11, 2023
အထွက်နည်းပြီး စျေး​ကောင်းမရသဖြင့် နှမ်းစိုက်တောင်သူများ အရှုံးပေါ်
Donate to DVB

မြန်မာပြည်တွင်းဈေးကွက်မှာ နှမ်းစျေးထိုးကြတာနဲ့ နှမ်းအထွက်နည်းတာကြောင့် တောင်သူတွေ အရှုံးပေါ်နေတယ်လို့ နှမ်းစိုက်တောင်သူတွေက ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်က တောင်သူတွေရောင်းတဲ့ နှမ်းစျေးနှုန်းဟာ နှမ်းနက် ၂၄ ပြည်ကို ကျပ် ၁၁၂,၀၀၀၊ နှမ်းဖြူ ၂၄ ပြည်တအိတ်ကို ကျပ် ၁၃၀,၀၀၀၊ နှမ်းညို ၂၄ ပြည်ကို ကျပ် ၉၅,၀၀၀ နဲ့ နှမ်းနီ ၂၄ ပြည်တအိတ်ကို ကျပ် ၉၈,၀၀၀ သာရှိပြီး နှမ်းစပေါ်တဲ့ သြဂုတ်ကထက် ၂၄ ပြည်တအိတ်ကို ကျပ် ၃၀,၀၀၀ ကနေ ၄၀,၀၀၀ အထိ ကျဆင်းခဲ့ပါတယ်။

သရက်ခရိုင်ရှိ နှမ်းစိုက်တောင်သူတဦးက “နှမ်းအခြေအနေက စောစိုက်တဲ့သူတွေက အရင်းရပြီး နောက်ကျမှစိုက်တဲ့သူတွေက အရှုံးပေါ်တာပေါ့။ အမြတ်ရှိတဲ့သူတော့ မရှိကြပါဘူး။ အရင်းရတဲ့သူတွေ​ တောင်ရှားတယ်။ စောစိုက်တဲ့သူတွေက ပထမလက စျေးနည်းနည်း ကောင်းတဲ့ဟာနဲ့ တိုးသွားတာ။ အဲ့ဒါတောင် မကွေးဘက်က မိုးခေါင်ပြီး အက်ဆစ်လွတ်လို့ စျေးနည်းနည်းရလို့ပါ။ တခြားနေရာတွေဆို ဒီဘက်ထက်ပိုဆိုးတယ်။ အက်ဆစ်မလွတ်၊ ကုန်ကျစရိတ်များ၊ အထွက်နည်း၊ စျေးမကောင်းတာနဲ့ တောင်သူတွေလည်း အခြေအနေ မကောင်းတော့ဘူး။ အခု တဧကကို ငွေ ၂ သိန်းလောက် ရှုံးပါတယ်” လို့ ပြောပါတယ်။

နှမ်းစိုက်ပျိုးရာမှာ တဧကကို မျိုးနို့ဆီဘူး ၁၂ ဘူးလောက် ကြဲရပြီး ပျမ်းမျှ ၁၀ တင်းမှ ၁၂ တင်းခန့် ထွက်ပေမဲ့ ရာသီဥတုနဲ့ တခြားအကြောင်းအရာတွေကြောင့် အခုနှစ်မှာ နှမ်းခင်းအများစုဟာ ၇ တင်းသာ ထွက်​ရှိတော့တာ ဖြစ်ပါတယ်။

စိုက်ပျိုးရေးကုန်ကျစရိတ်တွေ နှစ်ဆအထိ မြင့်တက်လာခဲ့ပေမဲ့ နှမ်း​စျေးဟာ ထင်သလောက် မမြင့်တက်လာတဲ့အပြင် အထွက်နည်းတာနဲ့ ပွဲစားတွေရဲ့ စျေးနှိမ်ဝယ်မှုကြောင့် တောင်သူတွေ အရှုံးပေါ်နေရတာလို့ နှမ်းစိုက်တောင်သူတဦးက ပြောပါတယ်။

“အရင်က နှမ်းစိုက်မယ်ဆို တဧကကို ၃ သိန်းလောက်ပဲ ကုန်တယ်။ အခုကြတော့ တဧက ၅ သိန်းကျော်လောက် ကုန်တဲ့အပြင်ကို အထွက်ကလည်း တော်တော်လေးကို လျော့တယ်။ နှမ်းက ကိုယ့်ဘာသာ သွားရောင်းဖို့ကြတော့ အဆင်မပြေဘူး။ လမ်းခရီးအခက်အခဲတွေကော တိုက်ပွဲတွေကြောင့်ပါ။ ပွဲစားကိုပဲ သူတို့ပေးတဲ့စျေးနဲ့ ရောင်းနေရတော့ ပိုပြီးဆုံးရှုံးတယ်။ အရင် နှမ်း ၆ ဧကလောက် စိုက်တာ၊ အခု တဖြည်းဖြည်းနဲ့ ၂ ဧကလောက်ပဲ စိုက်တော့တယ်။ တမင်သက်သက် လျှော့ စိုက်တာတော့ မဟုတ်ပါဘူး။ ရှုံးနေလို့ မြေရောင်းပြီး စားနေရလို့ပါ။”

နှမ်းကို မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း အပါအဝင် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာလည်း စိုက်ပျိုးပါတယ်။

မြန်မာနိုင်ငံမှာ နှမ်းကို မိုးသီးနှံနဲ့ ဆောင်းသီးနှံအဖြစ် တနှစ်ကို ၂ ​ကြိမ် စိုက်ပျိုးကြပြီး အထွက်နှုန်းကတော့ တန်ချိန် ၂ သိန်းကျော် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013