DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင်ဒေသထွက်ကုန် သီးနှံများ စျေးမရသဖြင့် တောင်သူများ အရှုံးပေါ်
DVB
·
February 21, 2024
ရှမ်းတောင်ဒေသထွက်ကုန် သီးနှံများ စျေးမရသဖြင့် တောင်သူများ အရှုံးပေါ်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း၊ ရွာငံ၊ ပင်းတယ၊ ပင်လောင်း၊ တီကျစ်၊ နောင်တရားဘက်ကထွက်တဲ့ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီတွေ စျေးမရတာကြောင့် တောင်သူတွေ အရှုံးပေါ်နေပြီး သီးနှံတွေကို နွားတွေကျွေးနေရကြောင်း ဒေသခံထံက သိရပါတယ်။

အရင်နှစ်က ခရမ်းချဉ်သီး တပိဿာ ၁,၀၀၀ ကျော် ရရှိပေမဲ့ အခုတော့ တပိဿာ ၂၀၀ သာရရှိပြီး အလားတူ ဂေါ်ဖီထုပ်နဲ့ ဂေါ်ဖီပန်းလည်း အရင်နှစ်က ၁,၅၀၀ အထက်ရှိပေမဲ့ အခုနှစ်မှာ တထုပ်၊ တဖူး ၃၀၀ သာ ရရှိတယ်လို့ ဆိုပါတယ်။

ခရမ်းချဉ်သီးစိုက် တောင်သူတဦးက “ဒီနှစ် အရင်းအနှီးလည်း အရမ်းကြီးတယ်။ ဖျန်းဆေး၊ ရေလှာင်ဖို့မိုးကာ၊ ရေ အစစ အရင်းကြီးကြီးနဲ့ ရင်းခဲ့တာ၊ အရင်းတောင် ပြန်မရဘူးကွယ်။ ပွဲရုံအထိရောင်းရင် ၂၀၀ ရပေမဲ့ ကျေးရွာအထိ ခြံအထိဝယ်ရင် ၈၀၊ ၁၀၀ ပဲရတယ်။ ပွဲစားကလည်း အရမ်းနှိမ်တယ်” လို့ ပြောပါတယ်။

ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ခရမ်းချဉ်သီးတွေ စျေးမရှိတော့ ကျွဲ၊ နွားကို ကျွေးတာတို့ လိုအပ်တဲ့နေရာမှာ အခမဲ့ လှူဒါန်းတာတို့၊ အခင်းပြတ် လှူဒါန်းတာတို့ စတဲ့ လိုအပ်တဲ့နေရာ ပြန်လည်အသုံးချတယ်လို့ အဲဒီတောင်သူက ဆက်ပြောပါတယ်။

အခုနှစ်မှာ လမ်းကြောင်းအခြေအနေတွေကြောင့် လမ်းခရီးကြန့်ကြာပြီး ကုန်စိမ်းမလှတော့တာ၊ ပုပ်သွားတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အောင်ပန်းမှ ကုန်စိမ်းဝယ်ရောင်းသူတဦးက “ခုဆို မြဝတီဘက်ပို့လို့လည်းမရ၊ ဟိုဘက်လမ်းပိတ် ဒီဘက်လမ်းပိတ်နဲ့ ကြားထဲမှာ ကုန်စိမ်းက ပျက်စီးကုန်တယ်။ ပြီးရင် သယ်လာတဲ့အချိန် လမ်းကြောင်းပေါ်ဂိတ်တွေ မပေးဖြတ်တာတို့ ငွေတွေပေးရတာတို့ များလာတယ်။ ကုန်စိမ်းကလည်း ကြာကြာထားလို့ရတဲ့ အရာတွေ မဟုတ်တော့ အခက်အခဲ အရမ်းဖြစ်ရတယ်။ တောင်သူတွေကို စာနာသနားမိပါတယ်။ သူတို့တွေ အရင်းပြန်မရသလို ကျနော်တို့လည်း ဆုံးရှုံးမှုများပါတယ်” လို့ ပြောပါတယ်။

ရှမ်းတောင်မှာ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းတွေကို ပင်လောင်း၊ နောင်တရား၊ တီကျစ်၊ အောင်ပန်း၊ ရွာငံ၊ ပင်းတယမြို့မှာ နေထိုင်တဲ့ ပအိုဝ်း၊ ဓနု တိုင်းရင်းသားတွေက အများဆုံး စိုက်ပျိုးကြပြီး ခရမ်းချဉ်သီးဆို တဧက ပိဿာပေါင်း ၅,၀၀၀ နီးပါးထွက်ပြီး ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းတွေကတော့ တဧက အထုပ်ပေါင်း၊ အဖူးပေါင်း ၁,၀၀၀ ကျော် ထွက်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဝယ်သုံးရတဲ့ ကုန်ပစ္စည်းတွေ၊ စိုက်ပျိုးရေးဆေး၊ မြေသြဇာတွေ ဈေးနှုန်းမြင့်မားနေပြီး စိုက်ပျိုးရေးထွက်ကုန်တွေ၊ ကုန်စိမ်းတွေ ရောင်းရချိန်မှာတော့ ဈေးကောင်းမရတဲ့အခြေအနေနဲ့ နှစ်စဉ်လိုလို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013