DVB Logo
Home
မြန်မာသတင်း
လမ်းပန်းဆက်သွယ်ရေးကြောင့် တရုတ်သို့ပို့သည့်ဖရဲများ အရည်အသွေးကျပြီး အရှုံးပေါ်
DVB
·
February 17, 2024
လမ်းပန်းဆက်သွယ်ရေးကြောင့် တရုတ်သို့ပို့သည့်ဖရဲများ အရည်အသွေးကျပြီး အရှုံးပေါ်
Donate to DVB

တရုတ်နိုင်ငံကို ဖရဲသီးတင်ပို့ရာမှာ လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကြောင့် ဖရဲများအရည်အသွေးကျဆင်းတဲ့အပြင် ခရီးစရိတ်ပိုကုန်တာကြောင့် တောင်သူတွေနဲ့ ကုန်သည်‌တွေ အရှုံးပေါ်နေတယ်လို့ သစ်သီးပို့ကုန်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

တရုတ်နိုင်ငံကို ဖရဲအဓိကတင်ပို့ရာလမ်းကြောင်းဖြစ်ပြီး အချိန် ၂ ရက်ပဲကြာမြင့်တဲ့ အရှေ့မြောက်စီးပွားရေးဂိတ် မူဆယ် ၁၀၅ မိုင်ဂိတ်ဟာ နယ်မြေမတည်ငြိမ်လို့ ပိတ်ထားရတဲ့အတွက် အချိန် ၁၀ ရက်လောက်ကြာမြင့်တဲ့ မိုင်းလား၊ လွယ်ဂျယ်ကတဆင့် တင်ပို့နေရပါတယ်။

ဖရဲစိုက်ပျိုးရောင်းဝယ်သူတယောက်က “ဖရဲဈေးကွက် အခြေအနေပြောရရင် ဈေးတန်းတခုတော့ ရှိပေမယ့် တွက်ခြေမကိုက်ဘူး။ အခုက မူဆယ်လမ်းပိတ်ထားတော့ မိုင်းလားဘက်က ပို့ရတယ်။ အချိန်ကလည်း မူဆယ်ဘက်ကို ၂ ရက်ပဲ ကြာ‌တယ်ဆိုပေမယ့် အခုက ၁၀ ရက်လောက်ကြာတော့ပိုကုန်တယ်” လို့ ပြောပါတယ်။

တရုတ်ဘက်ကို မန္တလေး-မူဆယ်လမ်းကြောင်းကနေ ဖရဲတင်ပို့ရာမှာ ကားခ ၂၅ သိန်းပဲ ကုန်ပေမယ့် လွယ်ဂျယ်နဲ့ မိုင်းလားလမ်းကြောင်းက တင်ပို့ရာမှာတော့ ကားခ ၇၅ သိန်းလောက် ကုန်ကျပြီး တခြားအခွန်အခနဲ့ပေါင်းရင် ကျပ်သိန်း ၁၅၀ လောက် ကုန်ကျတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာဖရဲတွေဟာ လမ်းခရီးကြန့်ကြာတာနဲ့ ရာသီဥတုပူ‌ပြင်းတာကြောင့် တရုတ်နယ်စပ်ကို ရောက်ရှိချိန်မှာ အရည်အသွေးမကောင်းတော့ဘဲ ဈေးကောင်းမရ ဖြစ်နေတယ်လို့ ဖရဲ၊သခွားကုန်သည်တယောက်က ပြောပါတယ်။

“လမ်းကြောင်းဝေးလို့ အသီးတွေက အရည်အသွေးကျပြီး ဈေးကောင်းမရဘူး။ အသီးကား ၁၀၀ မှာ ၅ စီးတောင် အသီးမလှလို့ ပေါက်ဈေးတောင် မရဘူး။ ပုံမှန်ပေါက်ဈေးက ၁ စီးကို ယွမ် ၅ သောင်းကျော်အထိရပေမယ့် အများစုက ယွမ် ၂ သောင်းကျော် ၃ သောင်းပဲရတယ်။ တရုတ်ဘက်ကလည်း အရည်အသွေးမကောင်းလို့ ဈေးလျှော့ဝယ်တဲ့အချိန်မှာ မြန်မာဘက်က ကုန်သည်တွေရော တောင်သူတွေပါ အကုန်ထိခိုက်မှုတွေဖြစ်ကုန်တာ” လို့ ပြောပါတယ်။

မူဆယ်လမ်းကြောင်းပြန်ဖွင့်ရင်တောင် တရုတ်နှစ်သစ်ကူးအပြီးဈေးနှုန်းကျဆင်းတာနဲ့ အခွန်အခ‌ဈေးနှုန်းတွေပိုများလာနိုင်တဲ့အတွက် ဖရဲစိုက်တောင်သူတွေအနေနဲ့ ပြည်တွင်းဈေးကွက်ကိုသာ အားထားပြီးစိုက်ပျိုးကြဖို့ မူဆယ်သစ်သီးဝလံဒိုင် တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဖရဲစိုက်တောင်သူများအနေနဲ့လည်း ‌တရုတ်ပြည်ကိုပို့ရာမှာ အရှုံးပေါ်နေပေမဲ့ ပြည်တွင်းဈေးကွက်တခုတည်း အဆင်မပြေတာကြောင့် အရဲစွန့်ပြီး‌ တရုတ်ပြည်ကို တင်သွင်းနေရတယ်လို့ ဖရဲစိုက်တောင်သူတယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013