DVB Logo
Home
Lead Story
GZ တို့ရဲ့ ဖက်ဆစ်တော်လှန်ရေး
DVB
·
September 11, 2023
GZ တို့ရဲ့ ဖက်ဆစ်တော်လှန်ရေး
Donate to DVB

မိုး‌ငွေ့ မိုးရိပ်တွေနဲ့ မိုးဦးကာလ ဇူလိုင်လရဲ့ မမေ့နိုင်စရာနေ့ရက်တွေထဲက ပေတရာပေါ်မှာ သွေးချောင်းစီးပြီး အသက်တွေ ဘဝတွေ အမြောက်အမြား ပေးဆပ်စတေးခဲရတဲ့ ရှစ်လေးလုံး အရေးအခင်းကြီးအဖြစ် ပေါ်ပေါက်ခဲ့တယ်။

၁၉၈၈ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်ထားတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် (မဆလ) ပါတီက ပြည်သူတွေကို တပါတီစနစ်နဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့တယ်။ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သယံဇာတတွေ တောတောင်တွေထဲက နိုင်ငံပိုင်ပစ္စည်းဥစ္စာရတနာတွေကို ကိုယ်ကျိုးအတွက် မတရားသိမ်းပိုက်ရယူထားခဲ့ကြတယ်။ ဒါတွေကို ပြည်သူတွေက သိပေမဲ့ အခွင့်မသာ အရေးမကြုံသေးတော့ သိလျက်နဲ့ အားမတန် မာန်လျှော့ထားကြရတယ်။

၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာတော့ ပြည်သူလူထုကြီးရဲ့ အုံကြွမှု စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ပြင်းထန်တဲ့ ကြွေးကြော်သံတွေ တောင်းဆိုသံတွေဟာ ခြေသံပြင်းပြင်းနဲ့ လျှောက်လှမ်းခဲ့ကြတယ်။ နေဝင်းအစိုးရ စစ်တပ်ကို အလိုမကျမှု၊ မတရားမှုနဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကြောင့် လူထုအရေးအခင်းကြီးအဖြစ် ဖြစ်ပေါ်ခဲ့တယ်။

၈၈ အရေးခင်းနောက်ပိုင်းမှာ လောင်စာဆီဈေးကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာရာက ဆရာတော်/သံဃာတော်တွေ၊ ကျောင်းသား ပြည်သူတွေ ဦးဆောင်ပြီး ၂၀၀၇ ရွှေဝါရောင် အရေးအခင်းကြီး ထပ်မံဖြစ်ပေါ်ခဲ့တယ်။ အဲ့ဒီအရေးအခင်းမှာလည်း ရဟန်းရှင်လူပြည်သူတွေ အမြောက်အမြား သေဆုံးကာ ဖမ်းဆီးခံခဲ့ရတယ်။

ရွှေဝါရောင်အရေးအခင်းပြီးနောက်မှာ နိုင်ငံအရေး တည်ငြိမ်သလိုရှိပေမဲ့ မတရားသဖြင့် ဖိနှိပ်အနိုင်ကျင့်နေတဲ့ စစ်တပ်ကို အလွှာစုံမှာရှိတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဟာ အာဏာရှင် အမြစ်ပြတ်ရေး ရရာအခြေအနေ ရောက်ရာနေရာကနေ တစိုက်မတ်မတ် ဆက်လက်ပြီး ကြိုးပမ်း ဆောင်ရွက်နေခဲ့ကြတယ်။

၂၀၁၀ ပြည့်နှစ်မှာတော့ စစ်တပ်က သူတို့အနိုင်ရဖို့ ကြိုတင်ပြင်ဆင် အကွက်ချကာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့တယ်။ စစ်အုပ်စုအနိုင်ရပြီး အမျိုး ဘာသာ သာသနာဆိုတဲ့ စကားလုံးသုံးကာ စစ်တပ်ဘက်က ဘာသာရေးမှာ ဩဇာညောင်းတဲ့ ထေရ်ကြီး ဝါကြီး ဆရာတော်တွေ ရဟန်း၊ သံဃာ‌တွေကို အသုံးချပြီး အမျိုး ဘာသာ သာသနာ (မဘသ) အဖွဲ့တွေ နိုင်ငံတဝန်း ဖွဲ့စည်းပြီး အဖွဲ့လက်အောက်ကနေ ထပ်ပြီး ယဉ်ကျေးလိမ္မာဆိုတဲ့ အဖွဲ့ငယ်တွေ ထပ်မံဖွဲ့စည်းပေးကာ ဘာသာရေးနဲ့ လူထုကို သွေးခွဲ မှိုင်းတိုက်ခဲ့တယ်။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အသိအမြင်နည်းပါးသူတွေဟာ မဘသ ဆရာတော်တွေရဲ့ ပြောဆို ဟောပြောမှုတွေ အောက်မှာ ယိမ်းယိုင်ခဲ့ကြတယ်။

၂၀၁၀ ဗိုလ်သိန်းစိန် သမ္မတသက်တမ်းမှာ ပြည်သူလူထုအတွက် မှတ်လောက်သားလောက်တဲ့ ပြုပြင်ပြောင်းလဲမှု မရှိခဲ့ပါဘူး။ နိုင်ငံတကာမှာ အင်တာနက်ကနေ နည်းပညာတွေ စီးပွားရေးတွေ အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက်နေချိန် မြန်မာနိုင်ငံက ဆက်သွယ်ရေးအတွက် တယ်လီဖုန်းတောင် စစ်ဘက်ခေါင်းဆောင်တွေရဲ့ လက်ဝါးကြီးအုပ်မှုအောက်မှာ အမြတ်ကြီးစား ခံနေရတဲ့အချိန် ဖြစ်ပါတယ်။ အဲ့ဒီအချိန် GSM ဖုန်းဆင်းကတ်ကို ကုမ္ပဏီတခုက ကျပ် ၅,၀၀၀ နဲ့ရောင်းဖို့ သတင်းထွက်လာခဲ့တယ်။ ဗိုလ်သိန်းစိန်က စစ်တပ်စီးပွားရေး ထိခိုက်နိုင်လို့ မဖြစ်နိုင်ပါဘူးဆိုပြီး ငြင်းလိုက်တယ်လို့ အရပ်ဘက် သတင်းတွေအရ သိခဲ့ရတယ်။ အဆိုပါအချိန်က မြန်မာနိုင်ငံမှာ GSM လက်ကိုင်ဖုန်းဆိုတာ ကျပ် သိန်း ၃၀ အထက်မှာ ပေါက်ဈေးရှိခဲ့တယ်။

၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဟာ ၂၀၁၀ လွှတ်တော်ထဲက အတွေ့အကြုံနဲ့ ပြောင်းလဲချိန်တန်ပြီဆိုပြီး ပြည်သူတွေရဲ့ အသည်းကြားက မဲပြားတွေကို အန်အယ်လ်ဒီပါတီက ဆွဲထုတ် သိမ်းပိုက်နိုင်လိုက်ကြတယ်။

အရပ်သားအစိုးရလက်ထက်မှာ လမ်းပန်းဆက်သွယ်ရေး သိသာစွာ ပြောင်းလဲချောမွေ့ လာခဲ့တယ်။ ကုန်စည်စီးဆင်းမှု မြန်ဆန်လာတယ်။ ဆက်သွယ်ရေး သိသာစွာ ပြောင်းလဲလာတယ်။ တယ်လီဖုန်းနဲ့ အင်တာနက် လူမှုကွန်ရက် အခြေပြုပြီး စီးပွားရေး အခွင့်အလမ်းတွေ၊ လုပ်ငန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ သတင်းနဲ့ နည်းပညာတွေ ပြည်သူတွေ သိမြင် ရရှိခဲ့ကြတယ်။

အရပ်သားအစိုးရအနေနဲ့ ၂၀၁၅ ခုနှစ် ၅ နှစ်တာ အစိုးရသက်တမ်းပြည့်လို့ နောက်ထပ် ၅ နှစ်သက်တမ်း ဆက်လက်အနိုင်ရရင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုဟာ အားကောင်းပြီး စစ်အုပ်စုအတွက် အခွင့်အာဏာမှန်သမျှ လက်လွှတ်ဆုံးရှုံးရတော့မှာ ဖြစ်တယ်။

အဆိုပါကာလအတွင်း စစ်အုပ်စုနဲ့ အန်အယ်လ်ဒီပါတီဟာ ပွတ်တိုက်မှု ပြင်းထန်လာခဲ့တယ်။ စစ်တပ်ထောက်ခံသူတွေနဲ့ စစ်တပ်လက်အောက်ခံ ပါတီတွေဟာ တပ်ထောက်ခံပွဲတွေ၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ခေါင်းစဉ်အောက်က ကျင်းပတဲ့ပွဲတွေ နေရာအတော်များများမှာ ကျင်းပခဲ့ကြပြီး ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံး လှုံ့ဆော်ခဲ့ကြတယ်။

၂၀၂၀ ပါတီစုံဒီမိုကရေစီ အ‌ထွေထွေရွေးကောက်ပွဲကြီးကို  နိုဝင်ဘာလ ၈ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြီး ကြုံတွေ့နေရတဲ့ကြားက တနိုင်ငံလုံး တချိန်တည်း တပြိုင်တည်း ကျင်းပနိုင်ခဲ့တယ်။ အဘက်ဘက်က ပြင်ဆင်ထားတဲ့ စစ်တပ်ဟာ သူတို့နိုင်မယ် ထင်ထားခဲ့တယ်။ ဒါပေမဲ့ ပြည်သူ‌အပေါ်ထားတဲ့ မေတ္တာ စေတနာ အစစအရာရာ အားကောင်းသာလွန်တဲ့ အန်အယ်လ်ဒီပါတီက ဒေါက်ဖိနပ်သံ စည်းရုံးရေးသီချင်းက တနိုင်ငံလုံးကို လွှမ်းခြုံပြီး မဲရလဒ် အပြတ်အသတ်နဲ့ ‌အနိုင်ရခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မဲရလဒ်တွေ ထွက်ပေါ်လာပြီး သူတို့အုပ်စု ရှုံးပြီဆိုတာ သိရှိပြီးနောက် လက်နက်အားကိုးနဲ့ လူမိုက်ဆန်ဆန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၂ နာရီ အရုဏ်မိုးသောက် အလင်းမရောက်မီ အာဏာသိမ်းလိုက်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်ကြာသည်အထိ မြန်မာနိုင်ငံဟာ အမှောင်ထဲမှာ ရုန်းကန်နေကြရတယ်။

အာဏာရှင် စစ်တပ်က အာဏာသိမ်းလိုက်လို့ အနာဂတ်ပျောက်ဆုံးသွားတဲ့ မျိုးဆက်သစ်လူငယ် Generation Z (G.Z) တွေဟာ စစ်ဖိနပ်အောက် နေရတာထက် ဖက်ဆစ် စစ်တပ်ကို တော်လှန်တိုက်ပွဲဝင်ရင်း အသေခံသွားမယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ခြေဗလာ လက်ဗလာနဲ့ ချီတက်ဆန္ဒထုတ်ဖော်ရင်း နွေဦးတော်လှန်ရေးကြီး စတင်ဆင်နွှဲခဲ့ကြတယ်။

ဖက်ဆစ်စစ်တပ်ရဲ့ မတရားတဲ့အမိန့်တွေ၊ အကြမ်းဖက် အနိုင်ကျင့် နှိပ်စက်မှုတွေကို ဆန့်ကျင်တော်လှန်ဖို့ နုနယ်တဲ့ ပျော်စရာလူငယ်ဘဝတွေ၊ ပညာသင်ကြားနေတဲ့ စာသင်ကျောင်းကြီးရဲ့ ရင်ခွင်ကို ကျောခိုင်းကာ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ လက်နက်ကိုင်ကာ နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြတယ်။ တီထွင်ကြံဆမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ခံယူချက်တွေ ဖက်ဆစ်စစ်တပ်ထက် အစစသာလွန်တဲ့ မျိုးဆက်သစ်လူငယ်တွေဟာ အာဏာရူးသွပ်တဲ့ ဖက်ဆစ်စစ်တပ်ကို ယနေ့အချိန်မှာတော့ နာလန်မထူနိုင်အောင် စစ်ဆင်နေကြပြီ ဖြစ်တယ်။

လူသူ လက်နက်အင်အား သာလွန်ပါတယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်က ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ကြီးတွေဟာ လူငယ် GZ တွေရဲ့ ဗျူဟာအောက်မှာ ပြားပြားမှောက်လို့ တုန်လှုပ်စွာ ရင်ဆိုင်နေကြရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီမြို့ ခရိုင်ရဲတပ်ဖွဲ့ရုံးကို ဒရုန်း (Drone) နဲ့ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်က အနီးဆုံးသက်သေပဲ ဖြစ်ပါတယ်။ အလားတူ ဖြစ်စဉ်မျိုးတွေ နေရာတိုင်း ဒေသတိုင်းမှာ မကြာခဏ ဖြစ်ပွားနေရာ လုံခြုံပါတယ်ဆိုတဲ့ အာဏာသိမ်းစစ်အုပ်စု အခြေစိုက်ရာ နေပြည်တော်မှာတောင် အထူးတပ်လှန့် သတိပေး နေထိုင်ကာ စစ်ခေါင်းဆောင်တွေ ထိတ်လန့်နေရပြီ ဖြစ်တယ်။

မျိုးဆက်သစ်လူငယ် GZ တွေရဲ့ ဖက်ဆစ်စစ်တပ် အမြတ်ပြတ်ဖို့ ဒီနေ့ ဒီအချိန်မှာ စည်းလုံးညီညွတ်မှု၊ ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ လူငယ်တို့ရဲ့ တော်လှန်ရေး ခရီးကြမ်းကြီးဟာ အခုဆို ရပ်တန့်သွားအောင် မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ဟာ မစွမ်းဆောင်နိုင်တော့ပါဘူး။

ဖက်ဆစ်တပ်ကို အမြစ်ဖြတ်မယ့် GZ တို့ရဲ့ နောက်ဆုံးတိုက်ပွဲ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်ချီတက် တိုက်ပွဲဝင်ကာ အောင်ပန်းဆင်နိုင်ဖို့ ပန်းတိုင်နဲ့ လက်တကမ်းအလို ရောက်ပြီမို့ ဖက်စစ်တော်လှန်ရေးကြီး နိုင်ရမယ်ဆိုတာ အလေးအနက် ရေးသားတင်ပြရင်း ငါတို့တွေ နိုင်ကိုနိုင်ရမယ်...။

ပေကြီး

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013